ဘာစီလိုနာ ကားတိုက်ခိုက်မှုအား ကျူးလွန်ခဲ့သူကို အသေဖမ်းဆီးရမိ

ဘာစီလိုနာ ကားတိုက်ခိုက်မှုအား ကျူးလွန်ခဲ့သူကို အသေဖမ်းဆီးရမိ

ဘာစီလိုနာ၊ သြဂုတ် ၂၂ ။               ။ ဘာစီလိုနာမြို့တွင် လူအုပ်အတွင်း ကားဝင်တိုက် တိုက်ခိုက်မှု ကျူးလွန်သည် သံသယရှိသူ ယွန်နက်စ်အဘိုင်ယာကူးကို စပိန်ရဲတပ်ဖွဲ့က သြဂုတ် ၂၁ ရက်တွင် အသေဖမ်းဆီးလိုက်ရသည်။

မော်ရိုကိုနိုင်ငံသား ယွန်နက်စ်အား အပူအပြင်း လိုက်လံရှာဖွေမှု ယခုကဲ့သို့ အဆုံးသတ်လိုက်နိုင်ချိန်တွင် ၄င်းကိုယ်၌ အသေခံဗုံးခွဲခါးပတ် အတုကို ဝတ်ဆင်ထားကြောင်း သိရသည်။

“ဆူဘီရတ်အရပ်မှာ ပစ်ခတ်ဖမ်းဆီးလိုက်ရတာဖြစ်ပြီး ယွန်နက်စ် သေဆုံးပြီဆိုတာ ကျွန်တော်တို့ အတည်ပြုပါတယ်။”ဟု စပိန်ရဲတပ်ဖွဲ့က တွစ်တာတွင် ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အိုင်အက်စ်အဖွဲ့က ၄င်းတို့ ကျူးလွန်ကြောင်း ကြွေးကြော်ထားသည့် ဘာစီလိုနာနှင့် ပင်လယ်ကမ်းခြေ ကမ်ဘာရေးမြို့တို့တွင် လူသေဆုံးမှု များပြားခဲ့သော လူအုပ်အတွင်း ကားဖြင့် ဝင်တိုက်တိုက်ခိုက်မှု ကျူးလွန်မှု သံသယရှိ အစွန်းရောက်အဖွဲ့ ၁၂ ဦးတွင် ယွန်နက်စ်က နောက်ဆုံးကျန်ရှိနေသူဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများတွင် လူလေးဦးကို ဖမ်းဆီးထားနိုင်ပြီး ကျန်သူများမှာ အယ်ကန်နာ ကမ်းခြေမြို့က ၄င်းတို့၏ ဗုံးလုပ်အလုပ်ရုံအတွင်း မတော်တဆ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြပြီးဖြစ်သည်ဟု ရဲက ယူဆထားသည်။

ထိုပေါက်ကွဲမှုအတွင်း သေဆုံးသူများတွင် အဖွဲ့၏ အဓိကဖြစ်သူ မော်ရိုကိုနိုင်ငံသား မွတ်စလင်ဘာသာရေးခေါင်းဆောင် အဘ်ဒဲဘာကီဆတ်တီလည်း ပါဝင်ကြောင်း ရဲချုပ် ဂျိုဆက်ပ်ထရာပီရိုက သြဂုတ် ၂၁ ရက်တွင် အတည်ပြုခဲ့သည်။

ဘာစီလိုနာမြို့ လက်စ်ရမ်ဘလာရိပ်သာလမ်းအတွင်း လူအုပ်ကို ကားဖြင့် ဝင်တိုက်ခဲ့ပြီး လေးရက်မြောက်တွင် အသက် ၂၂ နှစ်ရှိ ယွန်နက်စ်အား မြို့မှ အနောက်ဖက် ၃၇ မိုင်အကွာရှိ ရွာတစ်ရွာတွင် ရဲက ပစ်ခတ်သုတ်သင်လိုက်နိုင်ခြင်းဖြစ်သည်။

တရားခံပြေးဖြစ်သူ ယွန်နက်စ်ကို တွေ့လိုက်ရသည်ဟု ရထားဘူတာရုံရဲတစ်ဦးနှင့် အခြားပြည်သူတစ်ဦးတို့၏ သတင်းပေးချက်အရ ယခုကဲ့သို့ ၄င်းကို အသေဖမ်းဆီးရမိခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly