ရန်ကုန်၊သြဂုတ်၂၁ ။ ။ အန္တရာယ်ရှိအဆောက်အဦ သီရီမင်္ဂလာစျေးဟောင်းအား ပြန်လည်ပြင်သင့်၊ မသင့်နှင့် ဖျက်သိမ်းသင့်၊ မသင့်ကို ရန်ကုန်မြို့တော်ဝန်နှင့် တွေ့ဆုံဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယနေ့သြဂုတ်လ(၂၁)ရက်နေ့တွင် လွှတ်တော်၌ ပြောခဲ့ကြောင်း သိရသည်။
"လွှတ်တော်ဥက္ကဋ္ဌကြီးက တင်ပြတဲ့ကိစ္စကို မြို့တော်ဝန်ကို တင်ပြပြီးတော့ ဒီကလူတွေ(သီရီမင်္ဂလာယာဉ်ရောင်းဝယ်ရေး)နဲ့ တွေ့ဆုံပေးမယ်။ အဲဒီနေ့ကျမှပဲ သဘောက ပြင်ဆင်မလား ၊ ဘာလုပ်မလဲပေါ့"ဟု ကြည့်မြင်တိုင်မြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ပြောသည်။
အန္တရာယ်ရှိအဆောက်အဦ သီရိမင်္ဂလာစျေးဟောင်းအား ပညာရှင်များနှင့် ပြန်လည်စစ်ဆေးသွားရန်ရှိနေသည်ဟု ယနေ့ပြုလုပ်သော လွှတ်တော်ကော်မတီအစည်းအဝေးအရ သိရသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှာ လက်ရှိအချိန်တွင် ဂျပန်နိုင်ငံသို့သွားရောက်နေရပြီး သြဂုတ်လ(၂၆)ရက်နေ့ခန့်တွင် ပြန်ရောက်နိုင်သည်ဟု ၎င်းမှဆက်ပြောသည်။
"မြို့တော်ဝန်နဲ့တွေ့ဖို့က ဂျပန်ကိုသွားနေတာဆိုတော့ သူပြန်လာမှငါတို့တွေ့ရမယ် ပြင်ဆင်မယ်မပြင်ဆင်ဘူးဆိုတဲ့အဖြေက မြို့တော်ဝန်ပြန်လာလို့ တွေ့ပြီးတဲ့အချိန်မှပဲသိလိမ့်မယ်"ဟု ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းကပြောသည်။
၂၀၁၀ခုနှစ်ကတည်းက ဖွင့်လှစ်ထားသော သီရီမင်္ဂလာစျေးဟောင်းရှိ ယာဉ်ရောင်းဝယ်ရေးစခန်းမှ လူများကို ပြောင်းရွှေ့ကြရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သြဂုတ်(၁၆)ရက်နေ့တွင် သတိပေးစာများကပ်ကာ ကြေညာထားသည်။
ကြည့်မြင်တိုင်ရှိ သီရီမင်္ဂလာစျေးတွင် ယခင်က ကုန်စိမ်း၊ကုန်ခြောက်များရောင်းချခဲ့ပြီး ယခု လှိုင်မြို့နယ်တွင် သီရီမင်္ဂလာစျေးသစ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။