စစ်ရှောင်များအတွက် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ကား ၄စီးနှင့် ယာဉ်မောင်း ၄ ဦးကိုဖမ်းဆီး

စစ်ရှောင်များအတွက် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ကား ၄စီးနှင့် ယာဉ်မောင်း ၄ ဦးကိုဖမ်းဆီး

ရန်ကုန်၊ သြဂုတ် ၂၁ ။         ။ ကချင်ပြည်နယ် ကဆုန်းစစ်ဘေးရှောင်များအတွက် ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသည့် ကားများထဲမှ လိုင်စင်မဲ့ကား ၄စီးနှင့် ယာဉ်မောင်း ၄ ဦးကိုဖမ်းဆီးကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ ကာမိုင်းမြို့ဝင်စစ်ဆေးရေးဂိတ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးအဖွဲ့၊ တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါ၀င်သည့် ပူးပေါင်းအဖွဲ့တို့က ရှောင်တခင်စစ်ဆေးစဉ် သြဂုတ် ၁၇ ရက် နေ့လယ် ၁၁ နာရီခန့်က စစ်ဆေးတွေ့ရှိခဲ့ခြင်းခြင်းဖြစ်ကြောင်း သြဂုတ် ၂၁ ရက်တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဖားကန့်မြို့ရှိ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးလမောင်လတောင် ဦးဆောင်သော လူ ၃၁ ဦး လိုက်ပါလာသည့် မော်တော်ယာဉ် ၈ စီး အနက် ၄ စီးမှာ လိုင်စင်မဲ့ယာဉ်များဖြစ်နေသောကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။

အဆိုပါ ကားများမှာ လင်ခရူဇာ အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ ဆစ်ဂ်နက်အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် ပါဂျဲရိုး အမျိုးအစား မော်တော်ယာဉ် ၁ စီး တို့ဖြစ်သည်။

တရားမဝင်ဥပဒေမဲ့ မော်တော်ယာဉ် ၄ စီး ပေါ်ပါထောက်ပံ့ရေးပစ္စည်းများကို ကာမိုင်းမှ နမ္မတီးသို့ ဆက်လက်ပို့ဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများက ၆ ဘီးယာဉ် ၁ စီးအား စီစဉ်ပေးသော်လည်း အဆိုပါအဖွဲ့မှ လက်မခံသောကြောင်း လူ ၁၀၀ ခန့်ရုတ်ရင်းဆန်ခတ်မှု တစ်ခုဖြစ်ပွားခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပတ်ဝန်းကျင်ကျေးရွာများမှ အမျိုးသမီးငယ်များအပါအဝင် လူအင်အား ၁၀၀ ခန့် ၀န်းရံ၍ လိုင်စင်မဲ့ယာဉ် ၄ စီးအား ရဲစခန်းအနီးရှိ ကောင်ရာနှစ်ခြင်းဘုရားရှိခိုးကျောင်းသို့ ဥပဒေမဲ့ ရွှေ့ပြောင်းဝင် ရောက်သွားခဲ့သည် ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၉ ရက်တွင် ပြည်နယ်အရန်ရဲတပ်ဖွဲ့မှူး၊ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များနှင့် ဦးလမောင်လတောင် ဦးဆောင်သော အဖွဲ့တို့သည် ကာမိုင်းမြို့၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးုရုံး၌ တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန် ထပ်မံညှိနှိုင်းဆွေးနွေးခဲ့သဖြင့် သြဂုတ် ၂၀ ရက်တွင် လိုင်စင်မဲ့ယာဉ် ၄ စီး နှင့်အတူ ယာဉ်မောင်း ၄ ဦးတို့ကို ကာမိုင်းမြို့၊ နယ်မြေရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ရေး ပစ္စည်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly