ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) အာမခံပေးရန် လွှတ်တော်နှစ်ရပ် သဘောတူ

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) အာမခံပေးရန် လွှတ်တော်နှစ်ရပ် သဘောတူ

နေပြည်တော် ၊ သြဂုတ်လ ၂၁။           ။ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)ကိုပြင်ဆင်ထားသောဥပဒေကြမ်းထဲမှ အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခံရသူများကို အာမခံပေးနိုင်သည့် အချက်ကို  အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်လုံးက သဘောတူလိုက်ပြီဖြစ်သည်။

ဆက်သွယ်ရေးပုဒ်မ ၆၆ ဃတွင် အာမခံပေးနိုင်ခြင်းကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူခဲ့ကြသော်လည်း “အသရေဖျက်မှုဆိုတာကို ပယ်ဖျက်ရန် လိုမလို ၊ ပြစ်ဒဏ် အတိမ်အနက် (၂နှစ်ထားမလား ၃နှစ်အောက်ထားမလား ၊ ၃နှစ်ထားမလား) စသည့် အချက်များအပေါ် လွှတ်တော်နှစ်ရပ်အဓိက သဘောထားကွဲလွဲနေကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌဦးဇော်မင်း က ယနေ့   ပြောသည်။

အဆိုပါအာမခံပေးနိုင်သည့်အချက်တွင်ပင် လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားကွဲလွဲနေသည်ကိုလည်းတွေ့ရသည်။ အချို့လွှတ်တော်ကိုယ်စားလှယ်များက အာမခံပေးနိုင်သည် ဆိုသည့်နေရာတွင် အာမခံပေးရမည်ဟု ပြင်ဆင်လိုကြောင်း ပြောဆိုခဲ့ကြသည်။

၄င်းဥပဒေကြမ်းအား ပြည့်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည် ပေးပို့လာသည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက သြဂုတ်လ ၂၃ရက်နေ့ထက် နောက်မကျဘဲ အမည်စာရင်းတင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကယနေ့ ကြေညာခဲ့သည်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဇော်မင်းက “အခု အမျိုးသားလွှတ်တော်မှာ ဥက္ကဋ္ဌက ကိုယ်စားလှယ်တွေ ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေ စာရင်းပေးပါဆိုပြီးတော့ စာရင်းပေးကြ လိမ့်မယ့်။ စာရင်းပေးပြီးတော့ ၂နှစ်ထားမလား ၃နှစ်အောက်ထားမလား ၊ ၃နှစ်ပဲထားပြီးတော့ အာမခံပေးမယ်ဆိုတဲ့ အချက် အမျိုးသားလွှတ်တော်ရပ်တည်ချက် တိုင်းဖြစ်မလားဆိုတာကို Issueသုံးခုရှိတယ်၊ ဒါကိုထပ်ဆွေးနွေးရမှာ” ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် ၂နှစ်ချမှတ်ရေးကို အတည်ပြုထားခဲ့သည်။

ဥပဒေကြောင်းအရ ထောင်ဒဏ် ၃နှစ်ဆိုလျှင် အာမခံ ပေး၍ မရပဲ ၂နှစ်ဆို လျှင် အာမခံပေး၍ရသောကြောင့်ပြည်သူ့လွှတ်တော်က ယခုကဲ့သို့ ပြင်ပေးလိုက်ခြင်းဖြစ်နိုင်ကြောင်း ပဲခူးမဲဆန္ဒနယ် အမှတ် (၇)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်းက မီဒီယာများကို ပြောသည်။

“ဆရာတို့ဆီကတော့ အာမခံပေးလို့ရတယ် ။ နောက်ပြီးတော့ တတိယ ပုဂ္ဂိုလ်က တရားစွဲလို့ မရဘူးဆိုတာကို တင်ပေးလိုက်တာပေါ့ အဲ့တော့ ပြည်သူ့လွှတ်တော်မှာကြတော့ သူတို့က အမှန်ကတော့ ဒီ ၆၆( ဃ) ကို ဖျက်ချင်တာပေါ့။ ဒါပေမယ့် အဲ့ဒီမှာ မဲခွဲတဲ့ အခါကျတော့ ဒီပြစ်ဒဏ်ကို လျော့ လိုက်တယ်။ ပြစ်ဒဏ် လျော့တယ် ဆိုတာက သုံးနှစ်ဆိုလို့ရှိရင် သူက အာမခံပေးလို့မရဘူး၊   နှစ်နှစ်ဆိုရင်တော့ ပေးလို့ရတာပေါ့ အဲ့တော့သူတို့ က ပြစ်ဒဏ်နှစ်နှစ်ဆိုပြီးတော့ ပြန်ပြင်ပေးလိုက်တယ် ပြန်ပြင်ပေးလိုက်တယ်ဆိုတော့ ဆရာတို့ ဒီဘက်က လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဘယ်လို ပြောမယ် မသိဘူူး” ဟု ဒေါက်တာမြသောင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက် တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်နိုင်ရန် ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲလျှင် ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly