UNHCR ဒုက္ခသည်ဖြစ်ရေး ဂျကာတာရှိ လမ်းများတွင် တဲထိုးစောင့်ဆိုင်းနေသူ များစွာရှိ

UNHCR ဒုက္ခသည်ဖြစ်ရေး ဂျကာတာရှိ လမ်းများတွင် တဲထိုးစောင့်ဆိုင်းနေသူ များစွာရှိ

ဂျကာတာ၊ သြဂုတ် ၂၁ ။               ။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်အတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တစ်ဝိုက်က လမ်းများတွင် ဒုက္ခသည်အဖြစ်   နိုင်ငံခိုလှုံခွင့် တောင်းခံသူ နှစ်ဆယ်ကျော် ထက်မနည်းက တဲထိုးများပင် ထိုးကာ စောင့်ဆိုင်းလျက်ရှိနေကြသည်။

အင်ဒိုနီးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမှု ရရန် စောင့်ဆိုင်းနေသူပေါင်း ၁၄၀၀၀ ကျော်ထက်မနည်းရှိပြီး တစ်ချို့မှာ နှစ်များစွာပင် စောင့်ဆိုင်းနေရခြင်းဖြစ်သည်။

ပလက်ဖောင်းများပေါ်တွင် ဖျာဟောင်းများ၊ တာပေါ်လင်စများနှင့် ကြိုးများ စသည့် ရရာပစ္စည်းများဖြင့် အဖြစ်တဲများ ထိုး နေကြပြီး စောင့်ဆိုင်းနေသူများတွင် မိသားစုတစ်ချို့၊ တစ်ကိုယ်ရည်တစ်ကာယသမားများ ပါဝင်ပြီး အများဆုံးမှ အာဖဂန်နစ္စတန်မှ ဖြစ်ကြသည်။

စစ်ပွဲများနှင့် ဖိနှိပ်မှုများမှ ထွက်ပြေးလာကြသူများတွင် တစ်ကိုယ်ရည်တစ်ကာယ အမျိုးသားများအနေဖြင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမှု ရရေး အနည်းဆုံး ရှစ်နှစ်ကျော်မျှ စောင့်ဆိုင်းရခြင်းများ ရှိသည်။

တစ်ချို့သော သူများက လမ်းများပေါ်တွင် နေထိုင်စားသောက်ခဲ့ရပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းချုပ်ရေးစင်တာများသို့ ပို့ဆောင်ခံရသည်။

စစ်ဖြစ်နေရာ အာဖဂန်မှ အခြားသူများနည်းတူပင် သြစတြေးလျ၌ ခိုလှုံခွင်ရရေး ရည်မှန်းချက်ဖြင့် ထွက်ပြေးလာသူ ဂါဇနီပြည်နယ်မှ အလီအက်ဘာသည် အင်ဒိုနီးရှားတွင် သောင်တင်နေသည်မှာ   လေးနှစ်ကြာ ရှိပြီဖြစ်သည်။

ထိုသို့ ထွက်ပြေးလာရာ လမ်းတွင် နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသူများကို သြစတြေးလျက နယ်စပ်ဂိတ်များ ပိတ်လိုက်ပြီဖြစ်ကြောင်း အလီက ကြားသိလိုက်ရသည်။ သြစတြေးလျနိုင်ငံသည် နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသူများကို Nauru နှင့် Manus ကျွန်းငယ်များက ထိန်းသိမ်းရေးစခန်းများသို့သာ ပို့ဆောင်တော့ကြောင်း ကြားသိလိုက်ရသည်။

သြစတြေးလျ၏ ယင်းမူဝါဒအပြောင်းအလဲကြောင့် အလီမှာ မျှော်လင့်ချက် မဲ့သွားသလောက် ဖြစ်ခဲ့ရသော်လည်း အင်ဒိုနီးရှားက UNHCR ရုံးတွင် နိုင်ငံရေးခိုလှုံခွင့်ရရေး ကြိုးစားလျက်ရှိနေခြင်းပင်ဖြစ်သည်။

၁၉၅၁ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းတွင် လက်မှတ်မထိုးထားသည့် အင်ဒိုနီးရှားသည် ဒုက္ခသည်များကို လက်ခံထားစရာမလိုဘဲ အကူးအပြောင်းနေရာအဖြစ်သာ ရှိနေသည့် ကျွန်းစုနိုင်ငံဖြစ်သည်။

သို့သော်လည်း ၂၀၁၆ ဒီဇင်ဘာမှကာ နိုင်ငံခိုလှုံခွင့် ကြိုးစားသူများ၏ အခြေအနေကို အင်ဒိုနီးရှားက အသိအမှတ်ပြုလာပြီး ဒုက္ခသည်များ၏ ၂၀ ရာခိုင်နှုန်းရှိနေသည့် ကလေးငယ်များကို ဘာသာစကားနားလည်ပါက အစိုးရကျောင်းများတွင် စာသင်ကြားခွင့်ကို ခွင့်ပြုပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required