ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကြောင့် အမေရိကန်ကို အချိန်မရွေး တိုက်ခိုက်သွားနိုင်တယ်ဟု မြောက်ကိုရီးယား သတိပေး

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကြောင့် အမေရိကန်ကို အချိန်မရွေး တိုက်ခိုက်သွားနိုင်တယ်ဟု မြောက်ကိုရီးယား သတိပေး

သြဂုတ် ၂၁ ။                ။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို ယခုသီတင်းပတ်မှာ စတင်ပြုလုပ်ဖို့ရှိနေချိန်မှာ ယင်းကိစ္စနဲ့ပတ်သက်လို့ မြောက်ကိုရီးယားတို့က ပြင်းထန်စွာ ပြစ်တင်ပြောကြားလာခဲ့ပြန်တယ်လို့ သိရပါတယ်။

အမေရိကန်တို့အနေနဲ့ ယခုလို  ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်နေခြင်းက မီးပုံပေါ် ဓာတ်ဆီလောင်းချပေးနေသလို ဖြစ်နေတယ်ဆိုပြီး ပြံုယမ်းဘက်က သတိပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။

" ဒီလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက ကျွန်တော်တို့ကို ရန်လိုနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြပေးနေသလိုပါပဲ၊ အဲဒီတော့ သူတို့ရဲ့ ဒီစစ်ရေးလေ့ကျင့်မှုတွေကနေ တကယ့်စစ်ပွဲတစ်ခု ပြောင်းမသွားဘူးလို့တော့ ဘယ်သူမှ အာမခံလို့ မရပါဘူး" ဆိုပြီး မြောက်ကိုရီးယားဘက်က Rodong Sinmun သတင်းစာမှာ ဖော်ပြတဲ့ အယ်ဒီတာ့အာဘော်မှာ   ရေးသားထားပါတယ်။

မိမိတို့စစ်တပ်အနေနဲ့ အမေရိကန်ကို အချိန်မရွေး တိုက်ခိုက်လို့ရကြောင်း၊ ဂူအမ်ပဲဖြစ်ဖြစ် ဟာဝိုင်အီပဲဖြစ်ဖြစ်၊ အမေရိကန်ပြည်မကြီးပဲဖြစ်ဖြစ် တိုက်ခိုက်လို့ရကြောင်း အဆိုပါ ရေးသားချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

ယခုလို အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေဟာ တကယ်တမ်းမှာ နျူကလီးယားစစ်ပွဲ မဖြစ်ဖြစ်အောင် တွန်းပို့နေတဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေ ဖြစ်နေတယ်လို့   မြောက်ကိုရီးယားဘက်က ပြစ်တင်ပြောကြားသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required