ငါးမွေးမြူရေးလုပ်ခွင့်ရ မြေယာပေါ်တွင် ကျူးကျော်သည်ဟုဆိုကာ အိမ်ထောင်စု ၂၄၀ တရားစွဲဆိုခံရ

ငါးမွေးမြူရေးလုပ်ခွင့်ရ မြေယာပေါ်တွင် ကျူးကျော်သည်ဟုဆိုကာ အိမ်ထောင်စု ၂၄၀ တရားစွဲဆိုခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကွင်းအမှတ်(၅၁၆-က)၊ ဦးပိုင်အမှတ် (၁၅၆) ၊(က-၁၅၄/၁)နှင့် (ဃ-၁၅၄/၂)မြေကွက်များပေါ်သို့ ကျူးကျော်ဝင်ရောက်နေထိုင်သည်ဟု ဆိုကာ အိမ်ထောင်စု ၂၄၀ ကို ၎င်းမြေကွက်များ၏ ပိုင်ရှင်ဆိုသူက တရားစွဲဆိုခဲ့ခြင်းကြောင့် မန္တလေးခရိုင်တရားရုံးတွင် သြဂုတ်လ ၂၁ ရက်က စစ်ဆေးနေကြောင်း တရားစွဲဆိုခံထားရသူများက ပြောသည်။

အဆိုပါနေရာတွင် နေထိုင်ခဲ့သည်မှာ ၅ နှစ်မှ အနှစ် ၂၀ ကြား ရှိနေပြီး ဝင်ရောက်နေထိုင်စဉ်က ထိုနေရာသည် မြေလွှတ်မြေရိုင်များဖြစ်နေခြင်းကြောင့် ရှင်းလင်ပြီး နေထိုင်ကြခြင်းဖြစ်သည်ဟု တရားစွဲဆိုခံထားရသူများက ဆိုသည်။

"ကျွန်တော်တို့နေလာတာ အနှစ် ၂၀ လောက်ရှိနေပြီ၊ ကိုယ်တိုင်ရှင်းလင်းခုတ်ထွင်နေခဲ့ရတာပါ။ နေထိုင်ဖို့ခက်တဲ့သူ အတော်များများလာနေကြတာပါ။ ရေဝင်ရပ်ကွက်ပါ။ အရင်က တောထနေတဲ့ ကွင်းပြင်ကြီးပါ။ အခုမှ ပိုင်ရှင်ပေါ်လာတာပါ။"ဟု တရားစွဲဆိုခံထားရသူများမှ တစ်ဦးဖြစ်သူ ဦးစံသူက ပြောသည်။

ယခုအခါ၌ ထိုနေရာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိနေပြီး ဝင်ရောက်နေထိုင်သူအများစုသည် အခြေခံလက်လုပ်၊ လက်စားများဖြစ်သည်ဟုလည်း တရားစွဲဆိုခံထားရသူများက ဆိုသည်။

တရားစွဲဆိုခံထားရသူ ဒေါ်အုန်းအုန်းက"တရားစွဲတာ နိုင်ငံတော်က စွဲရင်လက်ခံတယ်။ နိုင်ငံတော် စီမံချက်၊ စီမံကိန်းရှိရင် ဖယ်ပေးမှာပါ။ ဒီလို တရားစွဲခံရတာကိုလည်း ရင်ဆိုင်မှာပါ။"ဟုပြောသည်။

အဆိုပါနေရာအား ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် ၂၀၀၉ခုနှစ်မှစတင်၍ ၂၀၁၇/၂၀၁၈ ခုနှစ် အထိ မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ရရှိထားသည်ဟု တရားလို ဦးစိန်က ဆိုသည်။

"ကျွန်တော်တို့က တရားဝင် ငှားရမ်းလုပ်ကိုင်ခွင့်ရထားတာပါ။ ကျွန်တော်တို့ ငါးမွေးမြူရေးလုပ်ငန်း လုပ်ဖို့ သွားတော့ သူတို့က ဖယ်မပေးဘူး။ ရန်ပြုမှုတွေလုပ်တယ်။ ဒါကြောင့် ဥပဒေအတိုင်း လုပ်ဆောင်ခဲ့တာပါ။ ဥပဒေရဲ့အကာအကွယ်ကို ယူတာပါ။"ဟု ဦးစိန်ကပြောသည်။

ထိုသို့ဖယ်ရှားပေးရန်အတွက်လည်း သတင်းစာများတွင် ကြော်ငြာများထည့်ထားပြီး လိုက်နာခဲ့ခြင်း မရှိသောကြောင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဦးစိန်ကပြောသည်။

ထိုသို့ အငြင်းပွားနေမှုနှင့်ပတ်သက်၍ မန္တလေးခရိုင်တရားရုံးက စက်တင်ဘာလ ၄ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

ဓာတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ(မန္တလေးခရိုင်တရားရုံးသို့ အမှုရင်ဆိုင်ရန်ရောက်လာသည့် တရားစွဲဆိုခံထားရသူကျူးကျော်များကို နံနက် ၁၁ နာရီက တွေ့ရစဉ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required