အာဆီယံဒေသတွင်း ကြိုက်တဲ့လိဂ်မှာ ကစားနိုင်စွမ်းရှိတဲ့ အောင်သူ

အာဆီယံဒေသတွင်း ကြိုက်တဲ့လိဂ်မှာ ကစားနိုင်စွမ်းရှိတဲ့ အောင်သူ
ဓါတ်ပုံ MFF

မြန်မာအသင်းကိုကြည့်ရတာ တော်တော်လေးကောင်းနေပုံရပြီး ပြိုင်ပွဲမှာထင်ရှားနေတဲ့ ကစားသမားတစ်ယောက်လည်းရှိနေပါ တယ်။

အောင်သူဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကတည်းကစတင်တဲ့ ပထမဆုံးပွဲမှာကတည်းက မြန်မာအသင်းမှာ ပါဝင်ကစားနေပါတယ်။ သုံးပွဲ မှာ လေးဂိုးသွင်းထားတဲ့ အချက်အလက်တွေက အထင်ကြီးစရာပါ။ White Angles တွေ အုပ်စု (က) ထိပ်ဆုံးရောက်နေပြီး တစ်ပွဲကစားဖို့ကျန်သေးပေမယ့် ဆီမီးတက်နိုင်ခဲ့တာမှာ ဒီတိုက်စစ်မှူးက အဓိကအကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။

ကျန်တဲ့ပွဲက မလေးရှားနဲ့ ကစားရမယ့်ပွဲဖြစ်ပါတယ်။ မြန်မာအသင်းကသိပ်ကောင်းနေပြီး နှစ်သင်းလုံးအနိုင်လိုအပ်နေချိန်မှာ အိမ်ရှင်အသင်းနဲ့ ပရိသတ်အများကြီးရှေ့ ရင်ဆိုင်ရမှာဖြစ်လို့ စွဲမက်စရာကောင်းတဲ့ပွဲတစ်ပွဲပါပဲ။ မကြာခင်ဖြစ်လာတော့မှာပါ။

အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ စင်ကာပူကို ၂-၀ ဂိုးနဲ့နိုင်တဲ့အဖွင့်ပွဲမှာ နှစ်ဂိုးစလုံးကိုသွင်းယူပေးခဲ့ပါတယ်။ လာအိုကို ၃-၁ ဂိုး၊ ဘရူနိုင်းကို ၆-၀ ဂိုးနဲ့ချေမှုန်းတဲ့ပွဲတွေမှာလည်း အဖွင့်ဂိုးတွေ သွင်းယူခဲ့ပြန်ပါတယ်။ အဲဒီအဆင့်စမ်းသပ်မှုတွေက အခက်ဆုံး တွေမဟုတ်ခဲ့ပေမယ့်လည်း အောင်သူဟာ အဲဒီသုံးပွဲစလုံးမှာ အရေးပါတဲ့အဖွင့်ဂိုးတွေသွင်းခဲ့တာဆိုတာကိုတော့ မမေ့သင့်ပါဘူး။

စင်ကာပူနဲ့ပွဲမှာဆိုရင် သူ့ရဲ့အာရုံစူးစိုက်မှုနဲ့ ပင်ကိုယ်စွမ်းရည်ကိုပြသနိုင်ခဲ့ပါတယ်။ ရတနာပုံကြယ်ပွင့်ဟာ ရှေ့တန်းတစ်လျှောက် သူ့ရဲ့ ပြေးနှုန်း၊ ရွေ့လျားမှုနဲ့ အရာအားလုံးကို ဖန်တီးနိုင်တာ မဟုတ်ပေမယ့်လည်း ကျွမ်းကျင်မှုတစ်ခုတော့ရှိနေတယ်။ အဲဒီ ကျွမ်းကျင်မှုမျိုးက အာဆီယံဘောလုံးလောကမှာ သိပ်အများကြီးတွေ့ရလေ့မရှိဘူး။ ဂိုးဧရိယာအတွင်း နေရာလွတ်ရှာဖွေခြင်း ပါပဲ။

အဲဒါကြောင့်ပဲ စင်ကာပူနဲ့ပွဲမှာ သူ့ရဲ့ပထမဂိုးကိုသွင်းနိုင်ခဲ့တယ်။ ဂိုးဧရိယာထဲ မယောင်မလည်လုပ်နေရင်းနဲ့ စင်ထွက်လာတဲ့ ဘောလုံးကို နောက်တန်းက မရှင်းနိုင်သေးခင်မှာတင် ဂိုးသမားကိုဖြတ်ပြီး   မြန်မြန်ပဲ ကန်သွင်းသွားခဲ့တယ်။ ဒုတိယဂိုးက ပိုကောင်းတယ်။ ညာခြမ်းကလာတဲ့ဘောလုံးကို အနီးကပ်ပြေးဝင်ပြီး ပိတ်သွင်းယူသွားခဲ့တာပါ။

သူ့ကိုကြည့်ရတာ ငယ်ရွယ်တဲ့အသက်အရွယ်နဲ့တောင် မလိုက်ပါဘူး။ ၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ မြန်မာယူ-၂၀ အသင်းရဲ့ မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အိမ်ရှင်ဘက်ကိုဂိုးသွင်းနိုင်ခဲ့တဲ့ အောင်သူဟာ ခြေစွမ်း တစ်ဆင့်ချင်းတိုးတက်လာခဲ့ပြီး ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတုန်းကလည်း အမိမြေမှာ နောက်ထပ်ခြေစွမ်းကောင်းကိုပြသနိုင်ခဲ့ ပါတယ်။

ဒီညမှာ ရှာအလမ်ကွင်းထဲ အိမ်ရှင်နဲ့ကစားရမယ့်ပွဲမှာ သူ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား ဒါမှမဟုတ် ထိုင်းကလပ်တွေအနေနဲ့ သူ့ကိုခေါ်ယူဖို့အသင့်ဖြစ်နေရမယ့် အချိန်ရောက်လာခဲ့ပါပြီ။

သူဘာလုပ်နိုင်လဲဆိုတာကို ထပ်ခါထပ်ခါ ပြသခဲ့ပြီးပါပြီ။ မြန်တယ်၊ အမြင်ရှိတယ်၊ ဘယ်ရော ညာရော အသုံးပြုနိုင်တယ်။ သူဘယ်လောက်ကောင်းလာဦးမလဲဆိုတဲ့ မေးခွန်းတစ်ခုပဲရှိနေတော့တယ်။ အဲဒါက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မူတည်ပါတယ်။ မြန်မာကစားသမားတွေ ပြည်ပထွက်ကစားတာရှားတဲ့အခြေအနေလည်း ရှိနေတယ်။

ပြည်ပကလပ်တွေအနေနဲ့ မကြာသေးခင်နှစ်တွေကအထိ မြန်မာကစားသမားတွေကိုခေါ်ဖို့ အရမ်းခက်တဲ့ နိုင်ငံရဲ့သမိုင်းကြောင်း ကြောင့်လို့ပဲ နားလည်ရပါတယ်။ စာချုပ်တိုင်းအတွက် အုပ်ချုပ်ရေးပိုင်းရဲ့ အတည်ပြုချက်ကိုရယူရပြီး ကိစ္စတစ်ခုလုံးက စိတ်အနှာက်အယှက်ဖြစ်ရတာနဲ့တောင် မတန်ခဲ့ဘူး။

အခုတော့ လွယ်သွားပါပြီ။ တစ်ခါတရံ ကစားသမားတွေအသင်းပြောင်းဖို့ တွန့်ဆုတ်နေတတ်တာကလွဲလို့ပေါ့။ စင်ကာပူကလပ် ဘလက်စတီယာခါဆာအသင်းက မြန်မာကစားသမားသုံးယောက်ကို ရာသီအစမှာ ခေါ်ယူထားပါတယ်။ အသင်းရဲ့ကွင်းဟာ စင်ကာပူရောက် မြန်မာအသိုင်းအဝိုင်းရဲ့ သမိုင်းဝင်နှလုံးသည်းပွတ်နေရာမှာ ရှိပါတယ်။ ကစားသမားတွေကလည်း တစ်ပြည်တည်းသားတွေနဲ့ ရောနှောပြီးအတူနေလို့ရတဲ့ အိမ်ရာမှာနေချင်တယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံထားကြပါတယ်။

အဲဒါကနိုင်ငံတွင်းမှာ ဘောလုံးတိုးတက်ဖို့ အပြောင်းအလဲဖြစ်ဖို့ရှိပြီး အောင်သူထက်ပိုကောင်းအောင်လုပ်နိုင်မယ့် ကစားသမား လည်း မရှိဘူးလို့ နားလည်ထားပါတယ်။

အပြောင်းအရွှေ့တစ်ခုဟာ အရာရာတိုင်းအပေါ် အလွန်အမင်းအကျိုးသက်ရောက်မှုရှိဖို့ မလိုအပ်ပါဘူး။ လက်ရှိအချိန်မှာ ဂျပန်၊ ကိုရီးယားဆိုတာက ကွင်းတွင်း၊ ကွင်းပြင် အလှမ်းကွာလွန်းနေတဲ့အခြေအနေပါ။ အိမ်နီးချင်းနိုင်ငံတွေမှာထွက်ကစားဖို့ကိုသာ အကြံပြုချင်ပြီး သူ့အနေနဲ့ အရှေ့တောင်အာရှရဲ့ ကြိုက်တဲ့နိုင်ငံမှာ ကစားနိုင်တဲ့ ခြေစွမ်းလည်းရှိနေပါတယ်။

ထိုင်းကလပ်တွေကလည်း စိတ်ဝင်စားနေကြတယ်။ အဲဒီလိဂ်က ဒေသတွင်းမှာအတောင့်တင်းဆုံးဖြစ်သလို လာမယ့်ရာသီဆိုရင် အာဆီယံကစားသမားတွေအတွက် နေရာတစ်နေရာပိုပေးတော့မယ်။ အိမ်နီးချင်းနိုင်ငံလည်းဖြစ်လို့ ချောမွေ့တဲ့အကူးအပြောင်း ဖြစ်စေလိမ့်မယ်။

ဒါပေမဲ့ မလေးရှားနဲ့ စင်ကာပူကလပ်တွေကလည်း သူ ထိုင်းကိုရောက်မသွားအောင် အစွမ်းကုန်ကြိုးစားကြသင့်ပါတယ်။ အောင်သူဟာ လိဂ်ပုံရိပ်ကိုမြှင့်တင်ပေးနိုင်မယ့် ကစားသမားမျိုးလည်းဖြစ်ပါတယ်။ လူသိနည်းတဲ့ ဘရာဇီးတွေကိုခေါ်နေမယ့် အစား အာဆီယံကြယ်ပွင့်အစစ်အမှန်တွေကိုခေါ်ယူတာက ကွင်းတွင်းကွင်းပြင် မှန်ကန်တဲ့ခေါ်ယူမှုဖြစ်ပါတယ်။

အောင်သူအနေနဲ့ ဒီပြိုင်ပွဲနဲ့တင်မလုံလောက်သေးဘူးဆိုရင်တောင် သူ့ရဲ့ခြေစွမ်းကိုသက်သေထပ်ပြဖို့ အဆင်သင့်ဖြစ်လို့နေပါ တော့တယ်။

(သြစတြေးလျအခြေစိုက် fox sports သတင်းဌာနက ရေးထားတဲ့ Why Aung Thu needs to play in Singapore or Malaysia ကို ဆီလျော်အောင်ပြန်ဆိုထားပါသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly