ကိုရီးယားစစ်ပွဲအပြီး မြောက်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံသွားခဲ့သည့် အမေရိကန်စစ်သား ယမန်နှစ်က ကွယ်လွန်သွားခဲ့ပြီဟု သားဖြစ်သူများ အတည်ပြု

ကိုရီးယားစစ်ပွဲအပြီး မြောက်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံသွားခဲ့သည့် အမေရိကန်စစ်သား ယမန်နှစ်က ကွယ်လွန်သွားခဲ့ပြီဟု သားဖြစ်သူများ အတည်ပြု

သြဂုတ် ၂၁ ။                        ။ မြောက်ကိုရီးယားနိုင်ငံထဲ ရှားရှားပါးပါး ဘက်ပြောင်းခိုလှုံခဲ့ကြတဲ့ အမေရိကန်စစ်သားအနည်းအကျဉ်းလောက်ထဲမှာမှ  တစ်ဦးတည်းနောက်ဆုံးကျန်ရှိနေခဲ့သူ ကန်စစ်သားတစ်ဦးဖြစ်တဲ့ ဂျိုးဇက် ဒရက်စနော့ခ်ဟာ ယမန်နှစ်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဂျိမ်းစ် ဂျိုးဇက် ဒရက်စနော့ခ် ဆိုသူဟာ ကိုရီးယားစစ်ပွဲနောက်ပိုင်း ၁၉၆၂ ခုနှစ်တုန်းက မြောက်ကိုရီးယားဘက် ဘက်ပြောင်းခိုလှုံသွားသူ အမေရိကန်စစ်သားတစ်ဦး ဖြစ်ပါတယ်။

၎င်းဟာ ကိုရီးယားစစ်ပွဲကာလက အမေရိကန်တပ်တွင်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် စစ်ဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူခံရမယ့်အခြေအနေနဲ့ ရင်ဆိုင်လာခဲ့ရချိန်မှာတော့ အပြစ်ပေးခံရအောင် ရှောင်လိုတဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံထဲကို ၁၉၆၂ ခုနှစ် သြဂုတ် ၁၅ ရက်မှာ ထွက်ပြေးဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ၎င်းဟာ မြောက်ကိုရီးယားတို့ရဲ့ ၀ါဒဖြန့်ရုပ်ရှင်ပိတ်ကားတွေထက်မှာ ပြန်ပေါ်လာခဲ့ပြီး ယခု မကွယ်လွန်ခင်အထိ ၎င်းဟာ ယင်းနိုင်ငံမှာ နောက်ဆုံးကျန်ရှိပြီး နေထိုင်သွားခဲ့တဲ့ အမေရိကန်ပြည်ပြေးတစ်ဦး ဖြစ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ၎င်းနဲ့အတူ ယင်းနိုင်ငံထဲ ဘက်ပြောင်းခိုလှုံခဲ့ကြတဲ့ အခြားသော ကန်စစ်သားတွေကတော့ သေဆုံးသွားတာ ဒါမှမဟုတ် နိုင်ငံထဲကနေ ထွက်ခွာခွင့်ရသွားခဲ့ကြတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင် Uriminzokkiri ၀က်ဆိုဒ်က တင်ခဲ့တဲ့ ဗီဒီယိုအင်တာဗျူးတစ်ခုမှာတော့ ဒရက်စနော့ခ်ရဲ့ သားနှစ်ဦးဖြစ်တဲ့ တက်ဒ်နဲ့ ဂျိမ်းစ်တို့ နှစ်ဦးကို တွေ့ရပြီး ၎င်းတို့ရဲ့ ဖခင်ဖြစ်သူဟာ ယမန်နှစ်တုန်းက လေဖြတ်ပြီး သေဆုံးသွားခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

၎င်းတို့ရဲ့ ဖခင်ဖြစ်သူဟာ မကွယ်လွန်ခင်အချိန်ထိ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်ကို သစ္စာပြုသွားခဲ့ကြောင်းလည်း အင်တာဗျူးဖြေဆိုချိန်မှာ ကိုရီးယားစစ်ယူနီဖောင်းတွေကို ၀တ်ဆင်ထားကြတဲ့ သားဖြစ်သူတွေက ပြောပါတယ်။

သေဆုံးသွားပြီဖြစ်တဲ့ ဂျိုးဇက် ဒရက်စနော့ခ် ရဲ့ သားနှစ်ဦးစလုံးကတော့ မြောက်ကိုရီးယားမှာပဲ မွေးဖွားခဲ့ကြသူတွေဖြစ်ပြီး ကိုရီးယားဘာသာစကားကိုပဲ ပြောဆိုကြတယ်လို့လည်း သိရပါတယ်။

" အဖေမသေခင်တုန်းကတည်းက ကျွန်တော်တို့ကိုလည်း ခေါင်းဆောင်ကြီး ကင်မ်ဂျံုအန်ကို သစ္စာခံပြီး တာဝန်ထမ်းဆောင်ပေးဖို့ မှာကြားခဲ့ပါတယ်" လို့ သားကြီးဖြစ်သူ တက်ဒ်က ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required