အမေရိကန်ဖျက်သင်္ဘောနှင့် ဆီတင်သင်္ဘောတိုက်မိသောကြောင့် သင်္ဘောသား ၁၀ ဦးပျောက်ဆုံး

အမေရိကန်ဖျက်သင်္ဘောနှင့် ဆီတင်သင်္ဘောတိုက်မိသောကြောင့် သင်္ဘောသား ၁၀ ဦးပျောက်ဆုံး

စင်္ကာပူ၊ သြဂုတ် ၂၁  ။                 ။ အမေရိကန်ဖျက်သင်္ဘောတစ်စင်းနှင့် ဆီတင်သင်္ဘောတစ်စင်းတို့ စင်္ကာပူအရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်၌ တနင်္လာနေ့မနက်ပိုင်းတွင် မတော်တဆ တိုက်မိခဲ့သောကြောင့် အမေရိကန်သင်္ဘောသား ၁၀ ဦးခန့် ပျောက်ဆုံး နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေလျက်ရှိသည်။

ယခုဖြစ်ရပ်သည် အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စင်း ဒုတိယအကြိမ်မတော်တဆ တိုက်မိခြင်းဖြစ်ပြီး ပထမအကြိမ်မှာ ပြီးခဲ့သော ဇူလိုင် ၁၇ရက်နေ့တွင် ဂျပန်ကမ်းလွန်ပင်လယ်ပြင်၌ အမေရိကန် ဖျက်သင်္ဘောနှင့် ဖိလစ်ပိုင်ကုန်တင်သင်္ဘောတို့ မတော်တဆတိုက်မိခဲ့ခြင်းဖြစ်သည်။

ပဲ့ထိန်းဒုံးများတင်ဆောင်လာသော အမေရိကန်ဖျက်သင်္ဘော ယူအက်စ်အက်စ် ဂျွန်အက်စ်မက်ကိန်းသည် တနင်္လာနေ့မနက်ပိုင်းတွင် စင်္ကာပူအရှေ့ဘက် မလက္ကာရေလက်ကြားအနီးတွင် ကုန်တင်သင်္ဘော အယ်လ်နစ် အမ်စီနှင့် မတော်တဆတိုက်မိခဲ့ကြောင်း အမေရိကန်ရေတပ်က သတင်းထုတ်ပြန်ခဲ့သည်။

“ကနဦးသတင်းပေးပို့ချက်အရ ဂျွန်အက်စ်မက်ကိန်းရဲ့ ပဲ့ပိုင်းပျက်စီးသွားခဲ့ပါတယ်။ သင်္ဘောသား ၁၀ဦးခန့် ပျောက်ဆုံးနေပြီး ၅ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေနဲ့အတူ ပူးပေါင်းပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပါတယ်။ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေပါတယ်” ဟု အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် သူ၏ဇနီးဖြစ်သူတို့က ယူအက်စ်အက်စ် ဂျွန်အက်စ်မက်ကိန်း ပေါ်မှ သင်္ဘောသားများကို ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်အောင် ဆုတောင်းနေမည်ဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်သားများကို ကျေးဇူးတင်ကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့သည် ဆွဲသင်္ဘောများ၊ ရဟတ်ယာဉ်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့များထံမှ ရေယာဉ်များနှင့် အမေရိကန်လေယာဉ်များကို အသုံးပြုကာ ဆောင်ရွက်နေကြကြောင်း အမေရိကန်ရေတပ်က ပြောခဲ့သည်။

အဆိုပါမတော်တဖြစ်ရပ်သည် ဒေသစံတော်ချိန် တနင်္လာနေ့မနက် ၅း၂၄ နာရီခန့်တွင် စင်္ကာဆိပ်ကမ်းသို့ ဦးတည်ထွက်ခွာလာသော အမေရိကန်ဖျက်သင်္ဘောနှင့် လက်ဘနွန်အလံ လွှင့်တင်ထားသော   လောင်စာဆီနှင့် ဓာတုဗေဒပစ္စည်းများ သယ်ဆောင်လာသည့် အလေးချိန် တန် ၃၀၀၀၀ ခန့်လေးသော ကုန်တင်သင်္ဘောတို့ တိုက်မိခဲ့ရာမှဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း   ရေလမ်းခရီးသွားလမ်းရေးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly