ဘာစီလိုနာမြို့အား နောက်တစ်ကြိမ်တိုက်ခိုက်ရန် စီမံထားသော ဂတ်စ်ဘူးပေါင်း ၁၂၀ကို ရဲတပ်ဖွဲ့တွေ့ရှိ

.

ဘာစီလိုနာ၊ စပိန် သြဂုတ် ၂၁ ။             ။ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ယခုအပတ်အတွင်း နှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုပြီးနောက်တွင် နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန်အတွက် အယ်လ်ကာနာမြို့နယ်အတွင်းရှိ နေအိမ်တစ်လုံး၌ ဖောက်ခွဲရန်ထည့်သွင်းထားသော ဂတ်စ်ဘူးပေါင်း ၁၂၀ ကျော်ကို ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့၌ ရှာဖွေတွေ့ရှိခဲ့ကြသည်။

“အကြမ်းဖက်သမားတွေဟာ ဘာစီလိုနာမြို့ကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ဖို့အတွက် အယ်လ်ကာနာ မြို့နယ်က နေအိမ်တစ်လုံးထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထည့်သွင်းထားတာကို ကျနော်တို့ ရှာဖွေတွေ့ရှိခဲ့ပါ တယ်” ဟု ကတ်တလန်ဒေသမှ ရဲမှူးကြီး ဂျိုးဆပ်လူအစ်ထရာပါရိုက သတင်းထောက်များအား ပြောခဲ့သည်။

ဘာစီလိုနာမြို့ တိုက်ခိုက်မခံရမီ တစ်ရက်အကြိုကလည်း မြို့၏တောင်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ နေအိမ်တစ်လုံး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ထိုနေအိမ်၌ မှားယွင်းစွာဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ရကြောင်း ရဲမှူးကြီးက ဆက်ပြောခဲ့သည်။

ဒါ့အပြင် ဘာစီလိုနာမြို့၌ လူအုပ်ကြီးကို ကားတစ်စီးနှင့် အရှိန်ပြင်းစွာဝင်တိုက်ခဲ့သော အကြမ်းဖက်သမားသည် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်းနှင့် စပိန်နိုင်ငံအတွင်း၌ ရှိနေသေးသလားဆိုတာကို မသိရသေးကြောင်း သတင်းထောက်များကို ရဲမှူးကြီးက ပြောခဲ့သည်။

“သူဟာ စပိန်နိုင်ငံအတွင်းက တစ်နေရာရာမှာ ရှိနေဆဲဖြစ်တယ်ဆိုရင် သူ့ကိုကျနော်တို့ လိုက်လံဖမ်းဆီးမှာပါ။ ဒါပေမယ့် သူဘယ်မှာလဲဆိုတာကို ကျနော်တို့မသိရသေးပါဘူး” ဟု ဂျိုးဆက်လူအစ်ထရာပါရိုက လွတ်မြောက် နေသော အသက် ၂၂နှစ်အရွယ် ယွန်နက်စ်အဘူယာကွတ်အား ရည်ညွှန်းကာ ပြောဆိုခဲ့သည်။

သို့သော်လည်း ဘာစီလိုနာမြို့နှင့် ပင်လယ်ကမ်းခြေမြို့တို့၌ တိုက်ခိုက်မှုများကျူးလွန်ခဲ့သော အကြမ်းဖက်အဖွဲ့ ကို ရှင်းလင်းသုတ်သင်ပြီးပြီဖြစ်ကြောင်းနှင့် တိုက်ခိုက်ရေးသမားတစ်ဦးသာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ် ကြောင်း ကတ်တလန်အစိုးရက ထုတ်ပြန်ခဲ့သည်။