အမျိုးသားရေးအစွန်းရောက်မှုများကို အရေးယူရာတွင် ဖွဲ့စည်းပုံအရ အခက်အခဲရှိနေဟုဆို

အမျိုးသားရေးအစွန်းရောက်မှုများကို အရေးယူရာတွင် ဖွဲ့စည်းပုံအရ အခက်အခဲရှိနေဟုဆို

ရန်ကုန်၊ သြဂုတ် ၂၀ ။             ။ အမျိုးသားရေး အစွန်းရောက်များ၏ လှုပ်ရှားမှုများကို အစိုးရက အရေးယူဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခက်အခဲတစ်ချို့ရှိနေသည်ဟု ဥပဒေ အထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့်က ပြောကြားလိုက်သည်။

ဦးကြီးမြင့်က သြဂုတ်လ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမ တွင် နိုင်ငံရေးကျဉ်းသားဟောင်းများအဖွဲ့ အသိပညာမျှဝေခြင်း အစီအစဉ်အဖြစ် ပြုလုပ်ခဲ့သည့် "အမျိုးသားရေးဝါဒ အစွန်းရောက်မှုအန္တရာယ်နှင့် နိုင်ငံတော်၏ ရှေ့ခရီး" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအပြီး မဇ္ဈိမသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားရေးအစွန်းရောက်များကို အရေးယူရာတွင် အစိုးရအနေနှင့် ပြည်ထဲရေးလို အဖွဲ့အစည်းမျိုးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရ လက်အောက်တွင် မရှိသည့်အတွက် ဆောင်ရွက်ရာတွင် အခက်အခဲ အချို့ ရှိနေသည်ဟု တရားလွှတ်တော် ရှေ့နေ ကြီးဦးကြီးမြင့်က ဆိုသည်။

"၂၀၀၈ အခြေခံဥပဒေအရ ရဲတပ်ဖွဲ့ကြီးက ပြည်သူတင်မြောက်ထားတဲ့ အစိုးရ အောက်မှာမရှိဘူး။ ဒါကြောင့်မို့လို့ စစ်ရေးအမြင်၊ လုံခြုံရေးအမြင်တွေနဲ့ တည်ဆောက်လို့ရှိရင် ဒီမိုကရေစီ အသွင်မျိုးတည်ဆောက်လို့ မရောက် တော့ဘူး၊ မသက်ရောက်တော့ဘူး" ဟု တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့်က ပြောကြားသည်။

အမျိုးသားရေးဝါဒဆိုသည်မှာ တိုင်းပြည်တွင် မရှိမဖြစ်လိုအပ်သည်မှာ မှန်သော်လည်း အစွန်းမရောက်ရန် အရေးကြီးသည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုသည်။

"ကျွန်တော်နားလည်တဲ့အမျိုးသားရေးဝါဒ အမျိုးသားရေးဝါဒီဆိုတာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ပြည်သူတွေအားလုံး၊ တောတောင် ရေမြေအားလုံး တိရိစ္ဆာန်တွေ ရှိမယ်။ အဲဒီ တစ်နိုင်ငံလုံးစာ စဉ်းစားဆောင်ရွက်တဲ့ လူမျိုးကိုမှ အမျိုးသားရေးဝါဒီ၊ အမျိုးသားရေးဝါဒလို့ခေါ်တယ်။ ဒီနေရာမှာ အဓိပ္ပါယ် တလွဲတွေနဲ့ပဲ ဖွင့်ဆိုကြတယ်။ ခုနက ကျွန်တော်ပြောပြတဲ့အဓိပ္ပါယ်နဲ့ဆို ရှိကို ရှိသင့်တယ်။ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ဆောင်ရွက်မယ့် အမျိုးသားရေးဝါဒ ရှိကိုရှိသင့်တယ်" ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထို့ပြင် ရွှေဝါရောင်သံဃာတော်များအနေဖြင့် အမျိုးသားရေးအစွန်းရောက်များကို လုံးဝလက်မခံဟု ဆွေးနွေးပွဲကို ကြွရောက်လာသည့် ၂၀၀၇ ရွှေဝါရောင် သံဃာတော် ဦးကောသလကလည်း မိန့်ကြားခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဋ္ဌာန ကထိက ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနှင့် ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့် တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး နိုင်ငံရေး ပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များနှင့် နိုင်ငံရေးအကျဉ်း သားများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required