မြစ်ရေမြင့်တက်လာမှုကြောင့် တံတားဦးမြို့နယ် နှင့် အမရပူရမြို့နယ်ရှိ နေရာတချို့တွင် ရေဝင်ရောက်လျက်ရှိရာ သဲအိတ်ချ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေ

မြစ်ရေမြင့်တက်လာမှုကြောင့် တံတားဦးမြို့နယ် နှင့် အမရပူရမြို့နယ်ရှိ နေရာတချို့တွင် ရေဝင်ရောက်လျက်ရှိရာ သဲအိတ်ချ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေ

ဧရာဝတီမြစ်ရေ နှင့် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် တံတားဦးမြို့နယ် နှင့် အမရပူရမြို့နယ်ရှိ နေရာတစ်ချို့တွင် သြဂုတ် ၁၈ရက်ကစတင်၍ ရေဝင်ရောက်လျက်ရှိရာ သဲအိတ်ချ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေရသည်ဟု သိရသည်။

''ရေက နေ့ချင်း ညချင်း တိုးလာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေနဲ့ လိုက်ပြီး လိုအပ်တာတွေ လိုက်ကြည့်နေတာပါ၊ ပြီးခဲ့တဲ့နှစ်က ရေဝင်ရောက်ခဲ့တဲ့ နေရာတွေကို အဓိကထားပြီး ကြည့်နေပါတယ်၊ အချိန်မှီ လိုအပ်တဲ့နေရာမှာ သဲအိတ်တွေ ပိုချထားပြီးဖြစ်ပါတယ်၊ မနှစ်က ရေလောက်ထိတော့ မရောက်သေးပါဘူး၊ ဒါပေမယ့် အဲလောက်နီးပါး ရောက်ဖို့ နီးနေပါပြီး၊ ၆လက်မ၊ ၁ပေလောက် လိုပါသေးတယ်၊ မနှစ်က ဖြစ်ခဲ့တဲ့ အခြေအနေကို လေ့လာပြီး ဒီနှစ် ပိုကောင်းအောင် ပြင်ဆင်ထားပါတယ်'' ဟု တံတားဦးမြို့နယ် မဲဆန္ဒနယ် (၁) မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီက ပြောသည်။

လက်ရှိတွင် တံတားဦးမြို့နယ်အတွင်းရှိ ငါးရာပြား၊ လက်ဆောင်ယူ၊ ပုဏ္ဍားခြံ၊ ဥတည်၊ ဟံသာဝတီ ဆင်ကျံုး၊ မီးသွေးတိုက်၊ စျေးချိုစသည့် ကျေးရွာများတွင် ရေဝင်ရောက်လျက်ရှိသော်လည်း နေထိုင်၍ ရရှိနေသေးခြင်းကြောင့် ပြောင်းရွှေ့ခြင်းမရှိဘဲ ဆက်လက်နေထိုင်လျက်ရှိသည်။

တံတားဦးမြို့နယ်အတွင်း ယခင်နှစ်က ရေဝင်ရောက်ခဲ့သော နေရာများအပြင် အင်းဝရှေးဟောင်းဒေသ၏ မြို့ရိုးနှင့် မြို့တွင်း ရေဝင်ရောက်နိုင်သော နေရာများတွင် သဲအိတ်ပိုချ၍ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိသည်။

''နေရာတချို့မှာ ရေဝင်ရောက်နေပါပြီ၊ ရေဝင်ပေမယ့် နေလို့ရနေသေးတော့ ရွေ့ပြောင်းနေထိုင်တယ်ဆိုတာ မကြားမိသေးပါဘူး၊ ၁၅အိမ်လောက်ပဲ ပြောင်းရွှေ့နေထိုင်တာရှိတယ်၊ ဆင်ကျံုး၊ မီးသွေးတိုက်၊ စျေးချို စတဲ့ နေရာတွေ ရေဝင်နေပေမယ့် အရွေ့အပြောင်း မရှိသေးပါဘူး၊ နောက်ထပ် တစ်ပေလောက် တိုးလာမယ်ဆို ရွေ့ပြောင်းရမယ့် အခြေအနေဖြစ်လာမှာပါ၊ အချိန်နဲ့တစ်ပြေးညီ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်'' ဟု တံတားဦးမြို့နယ် မဲဆန္ဒနယ် (၁) မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီက ပြောသည်။

တံတားဦးမြို့၏ မြောက်ဘက် ၂ မိုင် ၄ ဖာလုံ၊ မန္တလေးမြို့၏ အနောက်တောင်ဘက်မိုင်၂ဝ ခန့်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂၈၅ ပေ၊ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ဆုံရာတွင်ရှိသည့် အင်းဝမြို့ဟောင်း၌ ရေဝင်ရောက်နေခြင်းဖြစ်ပြီး အင်းဝမြို့ဟောင်းတွင် ရှေးဟောင်းအဆောက်အအုံ (၆၂၄)ခုရှိကြောင်း၊ နံရံ ဆေးပန်းချီများရှိသည့်ဘုရား (၅)ဆူ၊ ရှေးဟောင်းကျောက်စာရှိသည့် ဘုရား (၇)ဆူ၊ ကြေးခေါင်းလောင်းစာရှိသည့် ဘုရား (၃)ဆူ နှင့် အင်းဝခေတ်အဆက်ဆက် တည်ထားခဲ့သော သာသနိက အဆောက်အအုံများရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required