Ooredoo Enjoy the Internet

Shop.com.mm

ထိုင်းသို့ တရားမဝင် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၄ ဦးကို နေရပ်ပြန်ပို့မည်

.

မော်လမြိုင်၊ သြဂုတ် ၂၀ ။           ။ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၄ ဦးကို ယနေ့ သြဂုတ် ၂၀ ရက်နေ့တွင် နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အမှတ် (၉) လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ ၁၄ ဦးအား စစ်ဆေးရာတွင် လူကုန်ကူးခံရခြင်းမဟုတ်ဘဲ တရားမဝင် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့တွေ စစ်ဆေးတော့ လူကုန်ကူးခံရတာတွေ မရှိဘူး၊ သူတို့ဘာသာ သူတို့တရားမဝင် သွားကြတာ၊ သူတို့တွေကိုတော့ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူပြီး နေရပ်ကို ပြန်ပို့ဖို့ စီစဉ်နေတယ်”ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ ကယ်ဆယ်ရေးစခန်းမှ ပြန်ရောက်ရှိလာသော မြန်မာနိုင်ငံသား ၁၄ ဦးကို မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနသို့ လာရောက်အပ်နှံခဲ့ပြီး အမှတ် (၉) လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ လူကုန်ကူးခံရမှုမရှိသည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို သြဂုတ် ၁၈ ရက်နေ့က မြဝတီ-မဲဆောက်လမ်းကြောင်းမှ တစ်ဆင့် ပြန်လည်ခေါ်ယူခဲ့ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း၌ ထိန်းသိမ်းစောင့်ရှောက်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၄ ဦးမှာ  အမျိုးသားဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၁ ဦး၊ ရခိုင်ပြည်နယ်မှ ၂ ဦးနှင့် ချင်းပြည်နယ်မှ ၁၁ ဦးတို့ဖြစ်ကြောင်း သိရသည်။