ဥပဒေမဲ့ လုပ်ဆောင်တယ်လို့ ဝန်ကြီးချုပ်အချို့ တိုင်ကြားခံရ

ဥပဒေမဲ့ လုပ်ဆောင်တယ်လို့ ဝန်ကြီးချုပ်အချို့ တိုင်ကြားခံရ
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၂၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဝန်ကြီးချုပ်တစ်ချို့ ဥပဒေမဲ့လုပ်ဆောင်တယ်ဆိုပြီး တိုင်ကြားခံရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ပြောဆိုလိုက်ပါတယ်။

“အများအားဖြင့်တော့ သူတို့က ဥပဒေမဲ့လုပ်ဆောင်တယ်ဆိုပြီးတော့ တိုင်တာပေါ့ဗျာ” လို့ နေပြည်တော်မှာ ဒီကနေ့ ဩဂုတ်လ ၂၀ရက်နေ့၊ မွန်းလွဲပိုင်းကပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာ ဒေါက်တာမျိုးညွှန့်က ပြောဆိုလိုက်တာပါ။

ဝန်ကြီးချုပ် (၄)ယောက်လောက် တိုင်ကြားခံရတာဖြစ်ပြီး ဘယ်သူတွေဆိုတာကိုတော့ ပြောခွင့်မရှိဘူးလို့ ဒေါက်တာမျိုးညွှန့်က မီဒီယာတွေကို ပြောပါတယ်။

ဒီလို တိုင်ကြားမှုတွေရှိပေမယ့် ဝန်ကြီးချုပ်တွေအနေနဲ့က အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်ဆောင်တာဖြစ်ပြီး အရေးယူလောက်တဲ့ ပြစ်မှုထင်ရှားတာ မတွေ့ရဘူးလို့ ဒေါက်တာမျိုးညွှန့်က ရှင်းပြပါတယ်။

“တစ်ချို့တွေကတော့ ကျွန်တော်တို့အရေးယူလိုက်လို့ အားလုံးသိသွားကြပါပြီ” လို့လည်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးကို ရည်ရွယ်ပြီး ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

အရေးယူဖို့ တိုင်ကြားခံရသူ ဦးမင်းမင်းဦးမှာ အပြစ်ရှိတယ်လို့ NLD ပါတီက ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေးအဖွဲ့က ထုတ်ဖော်ပြောဆိုပြီး တစ်လခန့်အကြာ ဖေဖော်ဝါရီလ တတိယပတ်ထဲမှာ ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်သွားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်တစ်ချို့အပြင် NLD လွှတ်တော်အမတ်တွေကို တိုင်ကြားထားတဲ့ တိုင်စာပေါင်း ၄၀၀လောက် ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနရဲ့ တာဝန်ခံလည်းဖြစ်သူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

“ပြည်သူလူထုကို ဆက်ဆံတဲ့အခါမှာ မောက်မာတာ၊ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း ဆက်ဆံတဲ့အခါမှာ ပြေပြစ်မှုမရှိတာ၊ အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာ၊ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေ ညွှန်ကြားချက်တွေကို မလိုက်နာတာ ပါပါတယ်” လို့ NLDအမတ်တွေ အများဆုံးတိုင်ကြားခံရတဲ့ အကြောင်းအရာတွေကို ဒေါက်တာမျိုးညွှန့်က ပြောပြပါတယ်။

တိုင်စာပေါင်း ၄၀၀ထဲက ထက်ဝက်လောက် စစ်ဆေးပြီးတဲ့အချိန်မှတော့ အပြစ်ရှိတဲ့ လွှတ်တော်အမတ် အယောက် ၂၀လောက် ရှိနေပြီလို့လည်း သူက ဆိုပါတယ်။

အရေးယူမှုအနေနဲ့ကတော့ “သတိပေးပြစ်ဒဏ်ကနေပြီးတော့ ပါတီတာဝန်တွေ ရပ်ဆိုင်းတာ အခုထိတော့ ရှိပါတယ်။ ပါတီဝင်အဖြစ်က ထုတ်ပယ်ဖို့လည်း တချို့တွေကို ကျွန်တော်တို့ စဉ်းစားနေတာ ရှိပါတယ်” လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

NLD အမတ်တွေရဲ့ လုပ်ရပ်တွေကို မကျေနပ်ရင် တိုင်ကြားနိုင်တဲ့ ပါတီတွင်း အဖွဲ့အစည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနကို မေလအတွင်း စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

NLD အမတ်တွေရဲ့ လုပ်ရပ်တွေကို မကျေနပ်လို့ တိုင်ကြားချင်တယ်ဆိုရင် လွှတ်တော်ကို်ယ်စားလှယ် တိုင်ကြားစာဌာန၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အနောက်ရွှေဂုံတိုင်လမ်း၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ကို လိပ်မူပြီး တိုင်ကြားစာ ပေးပို့ရမှာ ဖြစ်ပါတယ်။

တိုင်ကြားစာမှာ တိုင်ကြားသူရဲ့ နေရပ်လိပ်စာ၊ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ် ထည့်သွင်းဖော်ပြပြီး လက်မှတ်ရေးထိုး ပေးပို့ရမှာ ဖြစ်ပါတယ်။

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly