ဖိလစ်ပိုင်စစ်သွေးကြွများနှင့် IS ကိုထောက်ခံသော ခွဲထွက်ရေးအဖွဲ့ကြားမှ တိုက်ပွဲကြောင့် ၆ဦး သေဆုံး

ဖိလစ်ပိုင်စစ်သွေးကြွများနှင့် IS ကိုထောက်ခံသော ခွဲထွက်ရေးအဖွဲ့ကြားမှ တိုက်ပွဲကြောင့် ၆ဦး သေဆုံး

ဒါတူဆာလီဘို၊ ဖိလစ်ပိုင်၊ သြဂုတ် ၂၀ ။            ။ ဖိလစ်ပိုင်နိုင်ငံ၏ အင်အားအကြီးဆုံးဖြစ်သော မွတ်စလင်စစ်သွေးကြွအဖွဲ့သည် IS အကြမ်းဖက်အဖွဲ့ကို ထောက်ခံကြသော ခွဲထွက်ရေးအဖွဲ့နှင့် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် စစ်သွေးကြွ ၆ ဦးခန့် သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

အဆိုပါနှစ်ဖွဲ့ကြားရှိ တိုက်ပွဲများသည် လွန်ခဲ့သောနှစ်ပတ်အကြာခန့်က မင်ဒါနာအိုကျွန်းပေါ်မှ တောင်ပိုင်းမြို့ ဒါတူဆာလီဘိုရှိ စိုက်ပျိုးမြေ လယ်ကွင်းများကြား၌ စတင်ဖြစ်ပွားခဲ့ကြောင်း   ဒေသဆိုင်ရာရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ တာရာလီယာကူကိုက ပြောခဲ့သည်။

မိုရိုအစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦး (MILF) နှင့် ၄င်း၏အဖွဲ့ခွဲ ဘန်ဆာမိုရိုအစ္စလာမ်မစ် လွတ်လပ်ရေး တပ်သားများ (BIFF) ကြားရှိ တိုက်ပွဲများသည် ပြီးခဲ့သော သောကြာနှင့် စနေနေ့တို့တွင် ပြင်းထန်လာခဲ့ပြီး MILF အဖွဲ့မှ စစ်သွေးကြွ ၆ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

“MILF အဖွဲ့ဟာ BIFF အဖွဲ့ကို ဒီဒေသအတွင်းကနေ ထွက်သွားအောင် လုပ်ဆောင်နေတာပါ။ သူတို့ဘာ ပြသနာမှ မဖြစ်ချင်ကြပါဘူး” ဟု ရဲအုပ်ကြီးကူကိုက ပြောခဲ့သည်။

MILF အဖွဲ့မှ ပြောက်ကျားခေါင်းဆောင်တစ်ဦးက ပြီးခဲ့သောစနေနေ့တွင် အေအက်ဖ်ပီမှ ဗီဒီယိုသတင်းသမား တစ်ဦးအား “ ကျနော်တို့သူတို့အဖွဲ့ကို ဒီဒေသမှာ ရှိမနေစေချင်ပါဘူး။ ဒါဟာအထက်ကလာတဲ့ အမိန့်အတိုင်းပဲ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

MILF အဖွဲ့တွင် တပ်သားအင်အား ၁၀၀၀၀ ကျော်ခန့်ရှိပြီး ၄င်းတို့သည် ကာလရှည်ကြာ ပြောက်ကျားစစ်ဆင်နွှဲ နေကြကာ ကနဦးက လွတ်လပ်ရေးအတွက် တောင်းဆိုနေခဲ့ပြီး နောက်ပိုင်းတွင် ခွဲထွက်နေထိုင်ခွင့်ရရေး အတွက် ဖိလစ်ပိုင်အစိုးရအား ခံတိုက်နေကြသူများဖြစ်ကြသည်။

ထိုအဖွဲ့သည် လွန်ခဲ့သော ၂၀၁၄က ဖိလစ်ပိုင်အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်၌ လက်မှတ်ရေးထိုးခဲ့ ပြီး မင်ဒါနာအိုဒေသရှိ မွတ်စလင်များနေထိုင်ရာဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန်အတွက် ဥပေဒမှ တရားဝင် အတည်ပြုပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

ဒါ့အပြင် MILF အဖွဲ့၏ဝါရင့်ခေါင်းဆောင်တစ်ဦးက ဖိလစ်ပိုင်အစိုးရအနေဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက် အရ ၄င်းတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန်နှင့် အကယ်၍ ၄င်းတို့၏အဖွဲ့ဝင် တပ်သားများကို စိတ်ပျက်မိစေပါက ၄င်းတို့အနေဖြင့် BIFF နှင့် IS တို့ကိုထောက်ခံသော အခြားအဖွဲ့များထံသို့ ဘက်ပြောင်းသွားနိုင်ကြောင်း သမ္မတရိုဒရီဂို ဒူတာတေးအား သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly