ကြေးတံဆိပ်ဆုရရှိဖို့သာ ကြိုးစားရတော့မယ့် မြန်မာအမျိုးသမီးအသင်း

ကြေးတံဆိပ်ဆုရရှိဖို့သာ ကြိုးစားရတော့မယ့် မြန်မာအမျိုးသမီးအသင်း

မြန်မာအမျိုးသမီးအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ကစားခဲ့တဲ့ တတိယမြောက်ပွဲစဉ်မှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရလို့ ကြေးတံဆိပ်ဆု ရရှိဖို့ကိုသာ ရည်ရွယ်ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ မြန်မာအသင်းဟာ ဗီယက်နမ်အသင်းကို အနိုင်ရဖို့ အစွမ်းကုန်ကြိုးစား ကစားခဲ့ပါတယ်။ မလေးရောက်မြန်မာပရိသတ်တွေကလည်း အိုးစည်ဗုံးဗောင်းတွေနဲ့ အမျိုးသမီးအသင်းကို အားပေးခဲ့ကြပါတယ်။

ဒါပေမယ့် ဗီယက်နမ်အမျိုးသမီးအသင်းက မြန်မာအသင်းထက် အဖက်ဖက်က ပိုမိုကောင်းမွန်အောင်ကစားနိုင်ခဲ့ပြီး အနိုင်ရယူသွားခဲ့ပါတယ်။

ဗီယက်နမ်အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၉ မိနစ်၊ ရ၃ မိနစ်နဲ့ ၈၃ မိနစ်တွေမှာ သွင်းယူခဲ့ကြပါတယ်။ မြန်မာအတွက် ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၆၀ မှာ ၀င်းသိင်္ဂီထွန်းက သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးက ၀င်းသိင်္ဂီထွန်းရဲ့ ပြိုင်ပွဲတစ်လျှောက် ၅ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဆက်လက်ရပ်တည်နေစေပါတယ်။

မြန်မာအသင်းဟာ သုံးပွဲကစားပြီးချိန်မှာ မလေးရှားကို ၅-၀ ဂိုးနဲ့အနိုင်ရပြီး ထိုင်းကို ၃-၂၊ ဗီယက်နမ်ကို ၃-၁ နဲ့ရှုံးနိမ့်ထားပါတယ်။ လက်ကျန်ပွဲစဉ်တစ်ပွဲသာ ကစားဖို့ ကျန်တော့ပြီး သြဂုတ် ၂၂ ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ကစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ အနိုင်ရခဲ့ရင် ကြေးတံဆိပ်ဆုကို ရရှိမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်အသင်းက လက်ရှိမှာ မလေးရှားကို ၂-၁ ဂိုးနဲ့နိုင်ထားပြီး ဗီယက်နမ်ကို ၃-၀ ဂိုးနဲ့ရှုံးနိမ့်ထားပါတယ်။

ငါးသင်းပတ်လည်ကစားရတဲ့ ဆီးဂိမ်းအမျိုးသမီးပြိုင်ပွဲမှာ ဗီယက်နမ်အသင်းက ၂ ပွဲကစားအပြီး ၂ ပွဲနိုင် ၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ မြန်မာက သုံးပွဲကစားအပြီး ၃ မှတ်နဲ့ဒုတိယနေရာမှာ ရှိနေပြီး ထိုင်းအသင်းကတော့ ၁ ပွဲကစားအပြီး ၃ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ထိုင်းအသင်းနဲ့မလေးရှားအသင်းတို့ဟာ ဒီနေ့ည ၀၇း၁၅ မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့မှာ ကစားရမယ့် ဗီယက်နမ်အသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ပွဲစဉ်က ရွှေတံဆိပ်ဆု အတွက် အဆုံးအဖြတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required