မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရေး မူဝါဒ လုပ်ငန်းစဉ်အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေး

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရေး မူဝါဒ လုပ်ငန်းစဉ်အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေး
Photo - WorldBankMyanmar

တိုင်းပြည်၏ အသေးစားစီးပွားရေးလုပ်ငန်း တည်ငြိမ်မှုရှိစေရန်နှင့် ဘဏ္ဍာရေးအင်အား ခိုင်မာမှုရှိစေရန်အတွက် မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ်တို့သည် သြဂုတ် ၁၈ရက်က အမေရိကန်ဒေါ်လာ သန်း၂၀၀တန် ချေးငွေသဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

စီးပွားရေး ပြောင်းလဲမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံအနေဖြင့် ယခုအကြိမ်သည် ကမ္ဘာ့ဘဏ်မှ ငွေကြေးထောက်ပံ့မှုကို ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ရိုက်ရရှိခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းနှင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့အတွက် ကမ္ဘာ့ဘဏ်မှ တာဝန်ပေးအပ်ထားသည့် ညွှန်ကြားရေးမှူး အယ်လီဂိုးလ်စတိန်းတို့သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ရှေ့မှောက်၌ အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါချေးငွေများကို အသုံးပြု၍ မြန်မာအစိုးရအနေဖြင့် မြင့်တက်လာသော ငွေကြေးဖောင်းပွမှု ပြသနာကို ဖြေရှင်းခြင်း၊ အစိုးရသုံးစရိတ်တွင် အကျိုးရှိအောင် အသုံးချခြင်းနှင့် အခွန်အတုတ် စီမံခန့်ခွဲရေးတို့ကို  အားကောင်းလာစေရန် ဆောင်ရွက်ခြင်း စသည့်ကဏ္ဍအသီးသီးတို့ကို လုပ်ဆောင်နိုင်ရန် စီစဉ်ထားသည်။

“ကျနော်တို့ရဲ့ မူဝါဒအရဆောင်ရွက်ချက်တွေဟာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အကျိုးဖြစ်ထွန်းစေပြီး ဆင်းရဲမွဲတေမှု ကို လျှော့ချပေးနိုင်မယ်။ ပြီးတော့ လျှပ်စစ်စွမ်းအင်၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ အသီးသီးတို့ကို တိုးတက် မြင့်မားလာအောင် အကူအညီပေးနိုင်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲရေးမှု ကြောင့် မြန်မာနိုင်ငံအနေနဲ့ အလုပ်အကိုင် အမြောက်အမြားကို ဖန်တီးပေးနိုင်မယ့် အဆင့်အတန်းမြင့်မားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာအောင်ဆွဲဆောင်နိုင်ပြီး ဆင်းရဲသူဆင်းရဲသားတွေကို အခွင့်အလမ်းတွေပိုမို ပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ပြောခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ ဆောင်ရွက်ချက်ထဲတွင် အချက်အချာကျသော ကဏ္ဍနှစ်ခုရှိကြောင်း သိရသည်။

အသေးစားစီးပွားရေးလုပ်ငန်း တည်ငြိမ်ရေးကဏ္ဍသည် အစိုးရချေးငွေစီမံခန့်ခွဲရေး၊ နိုင်ငံတော်စီးပွားရေး စီမံကိန်းများ၏ ဘဏ္ဍာရေးစည်းမျဉ်း တိုးတက်လာစေရေးနှင့် ပိုမိုထိရောက်သော ခန့်မှန်းခြေရသုံးငွေစာရင်း လုပ်ငန်းစဉ်ဖော်ဆောင်ရေး စသည် ့ပြုပြင်ပြောင်းလဲမှုများကို အထောက်အပံ့ပေးမည်ဖြစ်သည်။

ဘဏ္ဍာရေးအင်အား ခိုင်မာမှုရှိစေရေးဆိုသည့် ကဏ္ဍတွင် အခွန်အတုတ်ကောက်ခံမှု တိုးမြှင့်ရန်၊ သဘာဝဓာတ် ငွေ့ အခွန်ဘဏ္ဍာ စီမံခန့်ခွဲမှု မြင့်မားလာစေရန်နှင့် နိုင်ငံတော်ငွေးကြေးစီမံခန့်ခွဲမှု အားကောင်းလာစေရန် စသည့်အချက်များကို ဖော်ဆောင်သွားရန် ရည်ရွယ်ထားသည်။

“အစိုးရတစ်ရပ်ရဲ့ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဦးစားပေးအစီအစဉ်တွေကို အထမြောက်သွားစေနိုင်ဖို့ အတွက် ငွေကြေးထောက်ပံ့မှုဟာ အလွန်ကိုအရေးပါပါတယ်” ဟု ဂိုးလ်စတိန်းက ပြောခဲ့သည်။

“မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးစီမံခန့်ခွဲမှုကို ခေတ်မီဆန်းသစ်ခြင်းနဲ့ ပိုမိုအကျိုးဖြစ်ထွန်းတဲ့ နိုင်ငံတော်အဖြစ် တည်ဆောက်ရာမှာ အခုလို ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ရိုက်ပေးအပ်တဲ့   ငွေကြေးအထောက်အပံ့ဟာ အကူအညီပေးနိုင်မှာဖြစ်ပါတယ်” ဟု သူမက ပြောခဲ့သည်။

“ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာစေဖို့အတွက် အရေးပါတဲ့ကဏ္ဍဖြစ်တဲ့ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးပေးနိုင်ဖို့၊ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေ တိုးတက်လာစေရေးအတွက် ဘဏ္ဍာရေးစီမံချက်တွေ ဖော်ဆောင်နိုင်ဖို့ အစရှိတဲ့ အချက်တွေ လုပ်ဆောင်နိုင်ဖို့ ယခုအထောက်အပံ့က အကူအညီ ပေးနိုင်မှာဖြစ်ပါတယ်” ဟု သူမက ဆက်ပြောခဲ့သည်။

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏အစီအစဉ်ဖြစ်သော ဝင်ငွေနိမ့်ကျသည့် နိုင်ငံများအတွက် ဘဏ်မှငွေကြေး ထောက်ပံ့မှုစည်းမျဉ်းအရ ထိုချေးငွေသဘောတူညီချက်ထဲတွင် အတိုးမဲ့နှုန်းဖြင့် ၃၈ နှစ်အတွင်း အရင်းအတိုင်း ပြန်ဆပ်ရမည်ဟု ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly