မြန်မာပရိသတ်များ၏လုံခြုံရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ပေးမည်ဟု မလေးရှားဘောလုံးအဖွဲ့ချုပ် လေးလေးနက်နက် အာမခံချက်ပေး

မြန်မာပရိသတ်များ၏လုံခြုံရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ပေးမည်ဟု မလေးရှားဘောလုံးအဖွဲ့ချုပ် လေးလေးနက်နက် အာမခံချက်ပေး

ဆီးဂိမ်းအုပ်စုနောက်ဆုံးပွဲဖြစ်သည့် မလေးရှားနှင့် မြန်မာပွဲကို လာရောက်ကြည့်ရှုမည့် မြန်မာပရိသတ်များ၏ လုံခြုံရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မလေးရှားဘောလုံးအဖွဲ့ချုပ်နှင့် ဆီးဂိမ်းပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများက အာမခံချက်ပေးခဲ့ကြသည်။

အုပ်စုပထမပွဲစဉ်များ၌ မြန်မာပရိသတ်များမှာ ကွင်းအတွင်း ၀င်ရောက်ခွင့်မရခြင်း နိုင်ငံကူးလက်မှတ်မူရင်းမပါဘဲ မိတ္တူဖြင့်သာလာပါက ဖမ်းဆီးခံရခြင်းများရှိခဲ့သည်။ ထို့ကြောင့် အားလုံးက မလေးရှားနှင့်ပွဲကို သွားရောက်ကြည့်ရှုကြမည့် မြန်မာပရိသတ်များအတွက် စိုးရိမ်ပူပန်မှုများရှိနေကြသည်။

ထိုအခြေအနေများအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကိုကိုသိန်းက မလေးရှားဆီးဂိမ်းပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများ၊ လုံခြုံရေး၊ လက်မှတ်ရောင်းချရေးတို့အတွက် တာဝန်ရှိသူများနှင့်သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဘက်မှ မြန်မာပရိသတ်များ၏ လုံခြုံရေးအတွက် အဓိက တောင်းဆိုခဲ့ရာ မလေးရှားတို့ဘက်မှ လေးလေးနက်နက်ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည်။

မလေးရှားနှင့်မြန်မာပွဲ လက်မှတ်များကို အွန်လိုင်းမှ ၀ယ်ယူသလို လက်မှတ်အရောင်း ကောင်းတာများတွင်လည်း ၀ယ်ယူနိုင်မည် ဖြစ်သည်။ ယနေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ၊ မနက်ဖြန် နံနက် ၁၀ နာရီမှ ပွဲမကစားခင်အချိန်အထိ ၀ယ်ယူနိုင်မည် ဖြစ်သည်။ မြန်မာပရိသတ်များအတွက် ဂိတ်(A)မှ ၀င်ရောက်စေမည် ဖြစ်ပြီး ညနေ ၅ နာရီမှ စတင်ကာ ဂိတ်ပေါက်ဖွင့်ပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခင်အုပ်စုပွဲစဉ်များက ပရိသတ်များအတွက် လက်မှတ်များ စီစဉ်ပေးခဲ့သော်လည်း မလေးရှားနှင့်ပွဲတွင် လုံခြုံရေးစိုးရိမ်သည့်အတွက် လက်မှတ်စီစဉ်ပေးမည် မဟုတ်ကြောင်း MFF ၏ အမှုဆောင်အရာရှိ ဦးဘုန်းနိုင်ဇော်က ပြောဆိုထားသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်မှ လက်မှတ်များပြန်လည် စီစဉ်ပေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required