ရုရှား၌ လူပေါင်း ရဦးခန့်ကို ဒဏ်ရာရရှိစေခဲ့သော ဓားထိုးတိုက်ခိုက်မှုမှာ ၄င်းတို့လက်ချက်ဟု IS ကြွေးကြော်

ရုရှား၌ လူပေါင်း ရဦးခန့်ကို ဒဏ်ရာရရှိစေခဲ့သော ဓားထိုးတိုက်ခိုက်မှုမှာ ၄င်းတို့လက်ချက်ဟု IS ကြွေးကြော်

မော်စကို၊ သြဂုတ် ၂၀ ။             ။ အမျိုးသားတစ်ဦးသည် လမ်းသွားလမ်းလာများကို ဓားနှင့်လိုက်လံထိုးခဲ့ကာ ရ ဦးခန့်ကို ဒဏ်ရာ ရရှိစေခဲ့သော ကြောင့် ရဲတပ်ဖွဲ့က ထိုသူကို အသေပစ်သတ်ခဲ့သော ဖြစ်စဉ်တစ်ခု စနေနေ့က ရုရှားနိုင်ငံမြောက်ပိုင်းရှိ မြို့တစ်မြို့၌ ဖြစ်ပွားခဲ့ပြီးနောက် ထိုဖြစ်ရပ်မှာ ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း IS အဖွဲ့က ကြွေးကြော်ခဲ့သည်။

“ရုရှားနိုင်ငံ ဆာဂတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုကို အစ္စလာမစ်နိုင်ငံတော်အဖွဲ့ IS တို့ရဲ့ အဖွဲ့ဝင်တပ်သား တစ်ဦးက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု IS အဖွဲ့၏ ၀ါဒဖြန့်ချီသော သတင်းဌာနဖြစ်သည့် Amaq မှ သတင်း ထုတ်ပြန်ခဲ့ပြီး စပိန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုနှစ်ခုမှာလည်း ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ သည်။

ရုရှား၌ဖြစ်ပွားခဲ့သော ဓားထိုးတိုက်ခိုက်မှုသည် ဖင်လန်နိုင်ငံ၌ လူ၂ဦးသေဆုံးပြီး ၈ဦးခန့် ဒဏ်ရာရရှိခဲ့သော ဓားထိုးတိုက်ခိုက်မှုပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆာဂတ်မြို့မှ ရုရှားအမျိုးသားတစ်ဦးသည် စနေနေ့မနက်ပိုင်းတွင် လမ်းသွားလမ်းလာများကို ဓားနှင့်တိုက်ခိုက် ခဲ့ကာ ဒဏ်ရာ ရရှိစေခဲ့သောကြောင့် အခင်းဖြစ်ပွားရာရှိ ရဲအရာရှိများက ထိုသူကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

ကနဦးက ဒဏ်ရာရရှိသူ ၈ ဦးဟု သတင်းများ၌ ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ရ ဦးသာ ဒဏ်ရာရရှိခဲ့ ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိများက အတည်ပြုပေးခဲ့သည်။ သို့သော်လည်း ရုရှားအရာရှိများက IS တို့၏ ကြွေးကြော်မှုနှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ရုရှားအထက်လွှတ်တော်၏ ကာကွယ်ရေးကော်မရှင်မှ လက်ထောက်ဥက္ကဌဖြစ်သူ ဖရန့်ဇ်ကလင့်စီဗစ်ချ်က IS တို့၏ ကြွေးကြော်မှုနှင့် ပက်သက်၍ သံသယရှိကြောင်း ပြောခဲ့သည်။ “ကျနော် သံသယဝင်ပါတယ်။ ဒါဟာ IS တို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ကျနော်မယုံကြည်ပါဘူး” ဟု သူက ရေဒီယိုဌာနတစ်ခုသို့ ပြောကြားခဲ့သည်။

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးကော်မတီက တိုက်ခိုက်သူ၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ပြန်ခဲ့ပြီး ထိုသူ သည် ၁၉၉၄ခုနှစ်တွင် ထိုမြို့၌ဖွားမြင်ခဲ့သော ရုရှားနိုင်ငံသားတစ်ဦးဖြစ်ကာ စိတ်ဖောက်ပြန်မှုကြောင့် ယခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly