မိုဆူးလ်မြို့အပြင်ဘက်၌ IS တပ်သား ၆၆ဦးခန့်ကို အီရတ်အစိုးရသုတ်သင်

မိုဆူးလ်မြို့အပြင်ဘက်၌ IS တပ်သား ၆၆ဦးခန့်ကို အီရတ်အစိုးရသုတ်သင်

အာဘေးလ်၊ အီရတ်၊ သြဂုတ် ၂၀ ။             ။ အီရတ်အစိုးရတပ်ဖွဲ့များသည် စနေနေ့က မိုဆူးလ်မြို့၏ ဆင်ခြေဖုံးအရပ်၌ IS အကြမ်းဖက်အဖွဲ့အစည်းမှ တပ်သားများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့စဉ်အတွင်း အနည်းဆုံး IS တပ်သား ၆၆ဦးခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ ကြောင်း အီရတ်ပြည်ထဲရေး ၀န်ကြီးဌာနက ကြေညာခဲ့သည်။

၀န်ကြီးဌာနမှ ဖော်ပြခဲ့သော ထုတ်ပြန်ချက်အရ အီရတ်တပ်သားများသည် မိုဆူးလ်မြို့ အနောက်ပိုင်းဒေသရှိ အက်တ်ရှာနာတောင်ကုန်းများပေါ်မှ IS တပ်ဖွဲ့တို့၏ တပ်စွဲထားရာနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ထိုထုတ်ပြန်ချက်ထဲ၌ IS တပ်သားများသည် ၄င်းတို့၏ အမာခံ နယ်မြေဖြစ်ခဲ့သော မိုဆူးလ်မြို့အား တိုက်ခိုက်ရန် စီစဉ်နေကြပြီး လယ်ကွင်းများထဲ၌ ပုန်းအောင်းနေခဲ့ကြကြောင်း ဖော်ပြထားသည်။

အီရတ်အစိုးရတပ်ဖွဲ့များသည် ယခုအခါတွင် ထိုဒေသတွင်း၌ အစွန်းရောက် အကြမ်းဖက်သမားများက ထောင်ထားခဲ့ကြသော မြေမြှုပ်မိုင်းများကို လိုက်လံရှင်းလင်းနေလျက်ရှိသည်။

အီရတ်ဝန်ကြီးချုပ် ဟိုင်းဒါအယ်လ်အဘာဒီက IS တို့လက်ထဲမှ မိုဆူးလ်မြို့ လွတ်မြောက်သွားပြီ ဖြစ်ကြောင်းကို လွန်ခဲ့သော ဇူလိုင်လကတည်းက ကြေညာခဲ့ပြီးပြီ ဖြစ်သော်လည်း IS တပ်သားများသည် မိုဆူးလ်မြို့ အနောက် ပိုင်းနှင့် အီရတ်အနောက်ပိုင်းဒေသတို့တွင် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ပြီး အစိုးရတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly