ချင်းသမိုုင်းဆိုုင်ရာနှင့် ချင်းဒေသပြန်လည် ထူထောင်ရေး နှီးနှောဖလှယ် ပွဲလေးရက်ကြာ ကျင်းပမည်

ချင်းသမိုုင်းဆိုုင်ရာနှင့် ချင်းဒေသပြန်လည် ထူထောင်ရေး နှီးနှောဖလှယ် ပွဲလေးရက်ကြာ ကျင်းပမည်

သြဂုတ် ၁၁ ။          ။ ချင်းလူမျိုးအမည်များ မှားယွင်းနေခြင်း ကိုပြန်လည်တည့်မတ်နိုင်ရန်နှင့် သဘာဝဘေးဒါဏ်ခံနေရသည့် ချင်းပြည်နယ် အား ပြန်လည်ထူထောင်ရန်အတွက် ၄ ရက်ကြာ နှီးနှောဖလှယ် ပွဲတရပ်ကို ရန်ကုန်မြို့၌ ကျင်းပမည်ဟု စီစဉ်သူ တဦးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင် က မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၁၂ ရက်မှ ၁၅ ရက်နေ့ထိ ချင်းသမိုင်းဆိုင်ရာနှင့် ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးဟု အပိုင်းနှစ်ပိုင်းခွဲ၍ နှစ်နေရာ ကျင်းပမည်ဖြစ်သည်။

၁၂-၁၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ ချင်းသမိုင်းဆိုင်ရာနှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်ဂါးဒင်းဟိုတယ်၊ Ball Room တွင် ပြုလုပ်မည်ဖြစ်သည်။

တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပမည့်ပွဲကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီနှင့် ဂျီဒီအိုင်အဖွဲ့တို့ ပူးပေါင်း စီစဉ်ခြင်းဖြစ်သည်။

Dr. Chum Awi (ယခင် ဇက်တီစီကျောင်းအုပ်ကြီးဟောင်း)၊Dr. Salai Lian Hmung Sakhong၊ Dr. Kenneth Van Bik (ဘာသာဗေဒပညာရှင်)၊ Dr. Aye Aye Ngun (သမိုင်းပါမောက္ခ)၊ Salai Ro Sang (ချင်းသမိုင်းသုတေသနပညာရှင်) တို့က ဦးဆောင်ဆွေးနွေးဆောင်ကြမည်။

ဆလိုင်းအိုင်ဇက်ခင် က "သန်းခေါင်စရင်းမှာ ချင်းလူမျိုးအမည် တော်တော်များများ မှားယွင်းနေတယ်။ အဲ့ဒါတွေပြန်လည်တည့်မတ် ပြင်ဆင်နိုင်ရေးအတွက် အဓိက ဆွေးနွေးကြမှာပါ။" ဟု ပြောသည်။

၁၄-၁၅ ရက် နံနက် ၉ နာရီမှ စတင်မည့် ချင်းဒေသပြန်လည်ထူထောင်ရေးနှီးနှောဖလှယ်ပွဲကို ဒဂုံမြို့နယ်၊ တော်ဝင်ဂါးဒင်းဟိုတယ်ရှေ့၊ အင်္ဂလီကန်ဘီးရှော့ဟုမ်းဝင်း ခန်းမဆောင်၌ ကျင်းပမည်။

ချင်းဒေသရှိ သဘာဝဘေးကယ်ဆယ်ရေးကော်မတီအသီးသီးမှ ကိုယ်စားလှယ်များ၊ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးချင်းကော်မတီ (CCERR)၊ ချင်းအမျိုးသားတပ်ဦးနှင့် ချင်းလူ့အခွင့်အရေးအဖွဲ့တို့က ချင်းဒေသရေရှည်ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး ပူးတွဲမဟာဗျုဟာတစ်ရပ် ရေးဆွဲနိုင်ရန် ရည်မှန်းထားသည်ဟု ဆလိုင်းအိုက်ဇက်ခင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly