တောင်အာဖရိကတွင် အွန်လိုင်း ကြံ့ချို လေလံစျေး ဖွင့်ရန် ကြံ့မွေးသူတစ်ဦး စီစဉ်စိုင်းပြင်းနေ

တောင်အာဖရိကတွင် အွန်လိုင်း ကြံ့ချို လေလံစျေး ဖွင့်ရန် ကြံ့မွေးသူတစ်ဦး စီစဉ်စိုင်းပြင်းနေ

ကိတ်တောင်း၊ သြဂုတ် ၁၉ ။               ။ ၁၉၇၇ ခုနှစ်က စပြီး နိုင်ငံတကာကုန်သွယ်ရေးအဖွဲ့က ကြံ့ချို အမဲလိုက်ခြင်း အပါအဝင် တောရိုင်းတိရစ္ဆာန်များ အမဲလိုက်ခြင်းအား တားမြစ်ထားလင့်ကစား တောင်အာဖရိကနိုင်ငံတွင် ပြီးခဲ့သည့် သုံးလက တရားရုံးတစ်ရုံးသည် ပြည်တွင်းကြ့ံချိုအရောင်းအဝယ် တားမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းကြောင့် ကြံ့မွေးသူတစ်ဦးက စျေးကွက်အစွံထုတ်ရန် တောင်အာဖရိကနိုင်ငံတွင် အွန်လိုင်းမှ ကြံ့ချိုများ လေလံတင်ရောင်းချရေး စီစဉ်ဆောင်ရွက်လျက်ရှိနေသည်။

တောင်အာဖရိက အစိုးရအနေဖြင့် အဆိုပါ ကြံ့ချိုအွန်လိုင်းအရောင်းအဝယ်ကို မဖြစ်မြောက်အောင် တားဆီးနေလင့်ကစား ကြံ့မွေးသူ ဂျွန်ဟွမ်းက သြဂုတ်လအတွင်း အွန်လိုင်းမှတစ်ဆင့် ကြံ့ချိုများ လေလံတင်ရောင်းချရန် ရှိနေပြီး “ဒီလို ရောင်းချလို့ရတဲ့ ငွေကြေးကို ကြံ့တွေ ပိုမွေးမြူရန်နဲ့ ကြံ့တွေကို ကာကွယ်မှုပေးရာမှာ ရန်ပုံငွေ တိုးမြှင့်သုံးစွဲသွားမှာ ဖြစ်ပါတယ်။”ဟု လေလံရုံး ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြသည်။

ဂျွန်ဟွမ်းသည် ၄င်းပိုင် မွေးမြူရေးခြံကြီးအတွင်း ကြံ့ကောင်ရေ ၁၅၀၀ ကျော်ထက်မနည်းကို မွေးမြူထားကာ ကြံ့များ ဘေးကင်းလုံခြံုရေးအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀၀၀ ကျော် သုံးစွဲနေရသည်။ ထိုပြင် ကြံ့များအား ဆေးကုသပေးရမှု၊ ဝန်ထမ်းလစာနှင့် အခြားစရိတ်စက အဝဝအားလည်း ကုန်ကျခံနေရကြောင်း လေလံစျေးဝက်ဘ်ဆိုက်က ဖော်ပြသည်။

“အွန်လိုင်းစျေးမှာ ရောင်းချမယ့် ကြံ့ချိုတွေက ဘေးကင်းလုံခြံုပြီး တိရစ္ဆာန်ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့ သပ်ရပ်တိကျိစွာ လှီးဖြတ်ယူထားတဲ့ ကြံ့ချိုတွွေ ဖြစ်ပါတယ်။ ကြံ့တွေကို နာကျင်အောာင်လုပ်ပြီး ချိုရယူတဲ့ အမဲလိုက်သမားတွေရဲ့ ရန်က ကာကွယ်မည့် အဖွဲ့လည်း ဖွဲ့စည်းထားပါတယ်။”ဟု ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြပြီး ဂျွန်ဟွမ်းတွင် ဖြတ်တောက်ပြီး သိုလှောင်ထားရှိထားသည့် ကြံ့ချိုပေါင်း ခြောက်တန်ထက်မနည်း ရှိသည်ဟုလည်း ဖြည့်စွက်ဖော်ပြသည်။

ဟွမ်းက ကြံ့ချို တန်ဝက်ကို အွန်လိုင်းလေလံတင်ရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်ဟု တောင်အာဖရိက သတင်းဝက်ဘ်ဆိုက်ဖြစ်သော TimesLIVE က ဖော်ပြသည်။

အဆိုပါ ကြံ့ချိုများ အွန်လိုင်းမှ လေလံတင် ရောင်းချမှုကို တောင်အာဖရိက ဖွဲ့စည်းပုံခုံရုံးက ၂၀၀၉ ခုနှစ်အတွင်း ပြဌာန်းထားသော ပြည်တွင်းကြံ့ချိုအရောင်းအဝယ် တားမြစ်ချက်အား ပယ်ချပြီး ဧပြီလအတွင်း ခွင့်ပြုမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကြံ့ချိုများ တရားဝင်ပုံမှန် အရောင်းအဝယ်စျေးကွက် ရှိပါက ဥပဒေမဲ့ အမဲလိုက်ခြင်းများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ကြံ့မွေးသူများက ယူဆထားသော်လည်း ဝေဖန်သူများက ကြံ့ချိုအမဲလိုက်ခြင်းများကို ပို၍ပင် တွန်းအားပေးရာ ရောက်စေမည်ဟု ထောက်ပြပြောဆိုထားကြသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကြံ့ချို အမဲလိုက်ခြင်းများသည် စံချိန်တင်အောင် မြင့်တက်နေခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required