ဖင်လန်တွင် မြို့လယ်ခေါင် ဓားခုတ်မှု ကျူးလွန်သူကို ပစ်ခတ်ဖမ်းဆီး

ဖင်လန်တွင် မြို့လယ်ခေါင် ဓားခုတ်မှု ကျူးလွန်သူကို ပစ်ခတ်ဖမ်းဆီး

တက်ကူ၊ သြဂုတ် ၁၉ ။                ။ ဖင်လန်နိုင်ငံ တက်ကူမြို့တွင် သြဂုတ် ၁၉ ရက်က ဓားဖြင့် လူအများအား လိုက်လံထိုးခုတ်သူကို ရဲက ပစ်ခတ်ဖမ်းဆီးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် လူနှစ်ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးရှိကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

“ရဲတပ်ဖွဲ့က ဓားခုတ်သူရဲ့ ခြေထောက်ကို ပစ်လိုက်တာဖြစ်ပါတယ်။ ဒီကျုးလွန်သူကို ဖမ်းထားပါပြီ။ ဖြစ်ပွားရာ တက်ကူမြို့လယ်အရပ်ကို သွားလာကြသေးခြင်း မပြုဖို့ ပြည်သူတွေကို အကြံပေးလိုပါတယ်။”ဟု ရဲဌာနက တွစ်တာတွင် ရေးသားသည်။

အဆိုပါ တက်ကူမြို့လယ်အရပ်ကို ပိတ်ဆို့ထားကြောင်းလည်း ရုပ်သံသတင်းဌာန Yle က ထုတ်လွှင့်ပြသသည်။ မြို့၏ လူစည်ကားရာ အရပ်တွင် ဖြစ်ပွားသော ယင်းတိုက်ခိုက်မှုနေရာတွင် အလောင်းတစ်ချို့ကို တွေ့ရကြောင်း မျက်မြင်များက ပြောသည်။ ဖြစ်ပွားရာနေရာရှိ ဆိုင်နှင့့် ရုံးများကိုလည်း ပိတ်ထားသည်။

“အစိုးရက အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်။ ရဲလုပ်ငန်းစဉ်တွေလည်း ဆောင်ရွက်နေဆဲဖြစ်တယ်။”ဟု ဝန်ကြီးချုပ် ဂျူဟာဆစ်ပီလာက ပြောသည်။

ညပိုင်းအချိန်တွင် ဓားခုတ်မှု ဖြစ်ပွားခဲ့ရာနေရာတွင် ဖယောင်းတိုင်များ ထွန်းညှိကာ သေဆုံးထိခိုက်ဒဏ်ရာရသူများအတွက် ဝမ်းနည်းကြောင်း ပြသခဲ့သည်။

မြို့တော် ဟယ်ဆင်ကီလေဆိပ်နှင့် ရထားဘူတာရုံများတွင် ရဲတပ်ဖွဲ့က လုံခြံုရေးများ တိုးမြှင့်ထားကြောင်း MTV3 ရုပ်သံဌာနက ဖော်ပြသည်။

၂၀၁၂ ခုနှစ်အတွင်းက တက်ကူမြို့တွင်းမှာပင် ဝန်ကြီးချုပ်ဟောင်း ကာတိန်နန်က စည်ပင်သာယာရွေးကောက်ပွဲများ မဲဆွယ်စဉ်အတွင်း ဓားဖြင့် တိုက်ခိုက်ခံရမှုမှာ လွတ်မြောက်ခဲ့ဖူးသည်။

ဝန်ကြီးချုပ်အား ဓားဖြင့် တိုက်ခိုက်ရန် ချဉ်းကပ်လာသူသည် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်နေကြောင်း တွေ့ရှိရာ တရားစွဲဆိုခြင်းမရှိ လွှတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly