စပိန်တွင် ကားဖြင့် လိုက်လံဝင်တိုက်သည့် တိုက်ခိုက်မှုနှစ်ရပ်၌ လေးယောက်မြောက် သံသရှိသူကို ဖမ်းဆီး

စပိန်တွင် ကားဖြင့် လိုက်လံဝင်တိုက်သည့် တိုက်ခိုက်မှုနှစ်ရပ်၌ လေးယောက်မြောက် သံသရှိသူကို ဖမ်းဆီး

ဘာစီလိုနာ၊ သြဂုတ် ၁၈ ။       ။ စပိန်နိုင်ငံ ဘာစီလိုနာနှင့် ယင်းမြို့အနီးက ပင်လယ်ကမ်းခြေမြို့ကမ်ဘရီလ်မြို့တို့တွင် လမ်းသွားလမ်းလာများကို ကားဖြင့် လိုက်လံဝင်တိုက်ခဲ့သည့် တိုက်ခိုက်မှုနှစ်ရပ်နှင့် ပတ်သက်ပြီး လေးယောက်မြောက် သံသယရှိသူကို ဖမ်းဆီးထားကြောင်း ရဲဌာနက ပြောသည်။

လူ ၁၄ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသည့် အဆိုပါ တိုက်ခိုက်မှုနှစ်ရပ်တွင် လေးယောက်မြောက် သံသယရှိသူအား ဖမ်းဆီးထားသည်ဟု ရဲဌာနက တွစ်တာတွင် ရေးသားထားခြင်း ဖြစ်သည်။

ဘာစီလိုနာမြို့ရှိ လူစည်ကားထင်ရှားရာ လမ်းတွင် ဗင်ကားဖြင့် လိုက်လံဝင်တိုက် တိုက်ခိုက်ခဲ့သူမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းသည် အသက် ၁၈ နှစ်သာ ရှိသေးသည့် Moussa Oubakir ဆိုသူဖြစ်သည်ဟု စပိန်မီဒီယာများက ဖော်ပြသည်။

Moussa သည် အစ်ကိုုဖြစ်သူ၏ မှတ်ပုံတင် စာရွက်စာတမ်းများဖြင့် ဗင်ကားတစ်စီး ငှားရမ်းကာ သြဂုတ် ၁၇ ရက် နေ့လည်ပိုင်းက ကမ္ဘာလှည့်ခရီးသွားများပါ အပန်းဖြေလည်ပတ်နေရာ လူစည်ကားသော လမ်းပေါ်တွင် အစွန်းရောက်တိုက်ခိုက်မှုအဖြစ် လူအုပ်အား ကားဖြင့် လိုက်လံဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

အနီးက အပန်းဖြေ ဆိပ်ကမ်းမြို့ ကမ်ဘရီလ်တွင်သည်း မရှေးမနှောင်းအချိန်အတွင်း လူအုပ်အား ကားဖြင့် ဝင်တိုက် တိုက်ခိုက်မှု ဖြစ်ပွားသည်။

အကြမ်းဖက်သမားငါးဦးက ကမ်ဘရီလ်မြို့ လမ်းပေါ်ရှိ လူအုပ်ထဲ ကား အရှိန်ပြင်းစွာ မောင်းဝင် တိုက်ခိုက်ခြင်းကြောင့် လူ ၆ဦးခန့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိ်ခဲ့ကြောင်း ကတ်တလန်ဒေသ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်း တိုက်ခိုက်မှုအပြီး အကြမ်းဖက်သမားများက ကားမောင်းပြေးကြရာ ကတ်တလန် ရဲတပ်ဖွဲ့မှ  ကြားဖြတ်တိုက်ခိုက်ခဲ့ရသည်။ အကြမ်းဖက်သမား လေးဦး သေဆုံးခဲ့ပြီး ငါးယောက်မြောက်ကို ဒဏ်ရာဖြင့် ဖမ်းဆီးမိသည်။

စပိန်နိုင်ငံတွင် ဖြစ်ပွားသော ယခုတိုက်ခိုက်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်များက ရှုတ်ချထားကြသည်။

အိုင်အက်စ်အဖွဲ့က ယခုတိုက်ခိုက်မှုများမှာ ၎င်းတို့ကျူးလွန်ခြင်းဖြစ်သည်ဟု ကြွေးကြော်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required