ဦးခေါင်းမပါသော လူသေ အလောင်း ၁လောင်း ဘူးသီးတောင်တွင် တွေ့ရှိ

ဦးခေါင်းမပါသော လူသေ အလောင်း ၁လောင်း ဘူးသီးတောင်တွင် တွေ့ရှိ

သြဂုတ် ၁၈ ။              ။ ဘူးသီးတောင်မြို့နယ်၊ တစ်စင်ချောင်းကမ်းစပ်၌ သြဂုတ် ၁၇ ရက် က အမည်မသိ အမျိုးသားတစ်ဦး၏ ဦးခေါင်းမပါအလောင်းအား   တွေ့ရှိခဲ့ကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်သည်။

နွားရုံတောင်ကျေးရွာမှ ရွာသားများသည် ဟင်းစားရှာရန်သွားရောက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ တွေ့ရှိသည့် အမျိုးသားအလောင်းမှာ ဦးခေါင်းမပါ၊ ဝဲခြေသလုံးပြတ်ရှဒဏ်ရာ ၃ ချက်၊ ညာ လက်မ ပြတ်၍ ရင်ဘတ် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

လူသေအလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ ညောင်ချောင်း နယ်မြေစခန်း၌ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၇ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် မောင်တောမြို့နယ် နယ်မြေ ရ အတွင်း လှည့်ကင်းဆောင်ရွက်စဉ် သြဂုတ် ၁ ရက် မွန်းလွဲပိုင်းက ပန်းတောပြင် အနောက်ရွာ၌ ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်ချောင်းကျေးရွာ အိမ်ထောင်စု အမှတ် ၁၂၀ မှ မသင်္ကာတရားခံ မိုဟာမတ် အမရန်း ၃၂ နှစ် အား ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required