ချယ်လ်ဆီးအသင်းသို့ လုံးဝပြန်သွားမည်မဟုတ်ဟု ဒီယေဂိုကော်စတာ ပြော

ချယ်လ်ဆီးအသင်းသို့ လုံးဝပြန်သွားမည်မဟုတ်ဟု ဒီယေဂိုကော်စတာ ပြော

သြဂုတ် ၁၈၊ ဘရာဇီး ။          ။ ဘရာဇီးနိုင်ငံသို့ရောက်ရှိနေသည့် ဒီယေဂိုကော်စတာက ချယ်လ်ဆီးအသင်းသို့ လုံးဝပြန်သွားမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ကော်စတာသည် နည်းပြကွန်တီထံမှ ၎င်းကို အလိုမရှိတော့ကြောင်း မက်ဆေ့ရရှိပြီးနောက်တွင် ချယ်လ်ဆီးသို့ ပြန်မလာပဲ မွေးရပ်မြေ ဘာဂါတိုတွင် ယနေ့အထိ ရှိနေခြင်းဖြစ်သည်။ ကော်စတာသည် ကိုယ်ပိုင်လေ့ကျင့်ခန်းများပြုလုပ်နေသည့်ပုံကို လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းက ကော်စတာကို အသင်းသို့ပြန်လာပြီး အရန်အသင်းနှင့်လေ့ကျင့်ခန်းဆင်းရန် ညွှန်ကြားထားပြီး သတင်းပို့ရမည့်ရက်တွင် သတင်းမပို့သည့်အတွက် ၂ ပတ်စာ လစာငွေ ဖြတ်တောက်ထားသည်။

ချယ်လ်ဆီးအသင်းက ထိုကဲ့သို့ပြုလုပ်ခဲ့သော်လည်း ကော်စတာက ၎င်းအားအလိုမရှိသည့် ချယ်လ်ဆီးအသင်းသို့ လုံးဝပြန်လာမည်မဟုတ်ကြောင်းနှင့် လစာငွေ တစ်နှစ်စာဖြတ်တောက်လျှင်လည်း ခံမည်ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်ဘယ်နေရာကို သွားချင်တယ်ဆိုတာ ဆုံးဖြတ်ပြီးပါပြီ။ အက်သလက်တီကိုအသင်းကိုပဲ ပြန်သွားမှာပါ။ ချယ်လ်ဆီးက ကျွန်တော့်ကို မထုတ်ပယ်လိုတဲ့အတွက် အခြေအနေက မတင်မကျဖြစ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်စပိန်ကို ပြန်သွားလိုက်ရင် ပြဿနာကို ဖြေရှင်းပြီးသွား ဖြစ်သွားပါလိမ့်မယ်” ဟု ကော်စတာက ဆိုသည်။

ကော်စတာမှာ ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး အက်သလက်အသင်းကလည်း ဇန်နဝါရီလအထိ ကစားသမားသစ်ဝယ်ယူခွင့်မရှိသေးသည့်အတွက် အခြေအနေမှာ ရှုပ်ထွေးနေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required