ကုလားတန်ဘက်စုံစီမံကိန်း စတင်ရန် မြစ်ကြောင်းတူးဖော်ရေးများ ထပ်မံလုပ်ဆောင်ရဦးမည်

ကုလားတန်ဘက်စုံစီမံကိန်း စတင်ရန် မြစ်ကြောင်းတူးဖော်ရေးများ ထပ်မံလုပ်ဆောင်ရဦးမည်
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

သြဂုတ် ၁၈၊ စစ်တွေ။      ။ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည့် ကုလားတန်ဘက်စုံသုံး စီမံကိန်းကို စတင်လည်ပတ်နိုင်ရန်အတွက် မြစ်ကြောင်းတူးဖော်မှုများကို ထပ်မံလုပ်ဆောင်ရဦးမည်ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် အသုံးပြုမည့်ဆိပ်ကမ်းများကို ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ခန့်က စတင်တည်ဆောက်လျှက်ရှိရာ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးခဲ့ပြီဖြစ်သည့်အတွက် မကြာမီလအနည်းငယ်အတွင်း ဆိပ်များအား မြန်မာအစိုးရသို့ လွှဲအပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆိပ်ကမ်းတည်ဆောက်မှု အပိုင်းကတော့ ပြီးတဲ့အနေအထားရှိနေပါပြီ။ စပြီးလည်ပါမှာကတော့ မသိရသေးဘူး။ ကျွန်တော်တို့ အစိုးရကိုလည်း အပ်နှံမှုတွေပြုလုပ်ပေးရဦးမှာပါ။ လည်ပါတ်ဖို့အတွက်က သင်္ဘောကြီးတွေ ဝင်နိုင်အောင်အတွက် မြစ်ကြောင်းတူးဖော်မှုလုပ်ရမှာတွေ ရှိနေပါသေးတယ်။”ဟု ရခိုင်ပြည်နယ် ဆိပ်ကမ်းအာဏာပိုင် ဦးထွန်းဌေး ပြောသည်။

ယင်းဆိပ်ကမ်းတွင် မြစ်ကြောင်းသွားသင်္ဘောငယ်များအပြင် အိန္ဒိယနိုင်ငံမှ ကုန်တင်သင်္ဘောများ၊ ပြည်တွင်းပြည်ပ ကုန်တင်သင်္ဘောများ ဆိုက်ကပ်နိုင်ရန်အတွက် မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်းများကို ယခင်ကပြုလုပ်ခဲ့ပြီးဖြစ်သော် လည်း သဘာဝအခြေအနေများကြောင့် မြေပြိုမှုများရှိနေပြီး သင်္ဘောလမ်းကြောင်းများ တိမ်ကောသွားကြောင်း သိရသည်။

“သင်္ဘောကြီးတွေက ရေဆူးနက်တော့ လက်ရှိရေအနက်မှာ သွားလို့အဆင်မပြေဘူး။ ထိခိုက်မှုတွေမှာကို စိုးရိမ်ရပါတယ်။ မြစ်ကြောင်းကို အရင်ကတူးထားပြီးဖြစ်ပေမယ့် တံတားရဲ့အရှေ့ဘက် ဆိုက်ကပ်မယ့်နေရာမှာ ထပ်ပြီးတူးရဦးမှာပါ။ ကျွန်တော်တို့ဆီက တိုင်းတာရေးအဖွဲ့နဲ့ မတ်လက တိုင်းကြည့်တဲ့အခါ ပြန်ပြီး မြေတွေပို့သွား တာကို တွေ့ရပါတယ်။”ဟု ဦးထွန်းဌေးကဆိုသည်။

ထို့ကြောင့် ပင်လယ်ကူးသင်္ဘောကြီးများ သွားလာနိုင်ရန်အတွက် တံတားအရှေ့ဘက်နေရာနှင့် မြစ်ကြောင်း အတွင်း ရေအနက် ၁၀ မီတာခန့်ကို တူးဖော်မှုများပြုလုပ်ပြီးမှာသာ ဆိပ်ကမ်းလည်း ပါနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly