အိန္ဒိယတရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်ထားသည့် မုဒိမ်းကျင့်ခံ ဆယ်နှစ်သမီးငယ် မီးဖွား

အိန္ဒိယတရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်ထားသည့် မုဒိမ်းကျင့်ခံ ဆယ်နှစ်သမီးငယ် မီးဖွား

နယူးဒေလီ၊ သြဂုတ် ၁၈ ။            ။ အိန္ဒိယနိုင်ငံတွင် တရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်မိန့်ချခဲ့သည့် မုဒိမ်းကျင့်ခံ ဆယ်နှစ်သမီးလေးက မြောက်ပိုင်းဆေးရုံတစ်ရုံတွင် သြဂုတ် ၁၇ ရက်က ကလေးမီးဖွားခဲ့ပြီး မိခင်ရော ကလေးပါ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက EFE သတင်းဌာနသို့ ပြောသည်။

ကုန်လွန်ခဲ့သည့် သီတင်းပတ်သုံးပတ်ခန့့်က နိုင်ငံ၏ အမြင့်ဆုံး တရားရုံးချုပ်သည် အဆိုပါ မိန်းကလေး ကိုယ်ဝန်ဖျက်ချခွင့်ကို ၄င်း၏ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ရှိသည်ဆိုကာ ပယ်ချတားမြစ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ (သြဂုတ် ၁၇ ရက်) နံနက် ကိုးနာရီမှာ စခွဲမွေးပါတယ်။ ၁၀ နာရီ ၄၅ မိနစ်မှာ ချောချောမောမော မွေးနိုင်တာဖြစ်ပါတယ်။ ကလေးရော မိခင်ပါ အခြေအနေကောင်းတယ်။”ဟု ချန်ဒီဂတ်မြို့ ဆေးရုံမှ အဆိုပါ မိန်းကလေးအတွက် တာဝန်ယူဖွဲ့စည်းထားသော ကော်မတီတစ်ရပ်၏ အကြီးအကဲ ဒေါက်တာ ဒါဆာရီက ပြောသည်။

ကိုယ်ဝန် သီတင်း ၃၆ ပတ်ဆောင်ကာ မွေးခဲ့သော ယခုကလေးငယ်သည် ကိုယ်အလေးချိန် ၄ ဒဿမ ၈ ပေါင်ရှိပြီး မွေးကင်းစကလေး စောင့်ရှောက်ရေး ယူနစ်တွင် ထားရှိထားကြောင်း ၄င်းက ပြောသည်။

ကလေးက ကျန်းမာရေး ကောင်းသည်ဟုလည်း ဒေါက်တာ ဒါဆာရီက ဖြည့်စွက်ပြောသည်။

အဆိုပါ ဆယ်နှစ်သမီးလေး၏ ကိုယ်ဝန် ၃၂ ပတ်နှင့် ၃၃ ပတ်ကြား ကာလတွင် တရားရုံးချုပ်က ဆေးပညာရှင်ဘုတ်အဖွဲ့၏ အကြံဉာဏ်ကို ရယူပြီးနောက် မိန်းကလေးအတွက် အလွန် အန္တရာယ်ရှိလိမ့်မည်ဟု သုံးသပ်ကာ ကိုယ်ဝန်ဖျက်ချခွင့်ကို ဇူလိုင် ၂၈ ရက်က တားမြစ်မိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။  

အိန္ဒိယဥပဒေအရ အမျိုးသမီးတစ်ဦးအနေဖြင့် သန္ဓေသား အပြစ်ချို့ယွင်းမှု မရှိလျှင် ကိုယ်ဝန်ဖျက်ချခြင်းကို သန္ဓေသား သီတင်းပတ် ၂၀ ကျော်လျှင် လုပ်ဆောင်ခွင့်မရှိဟု တားမြစ်ထားသည်။

မေလအတွင်းက အိန္ဒိယ တရားရုံးတစ်ရုံးသည် ပထွေးဖြစ်သူ၏ သားမယားပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့သည့် အခြားဆယ်နှစ်သမီးတစ်ဦးကို ကိုယ်ဝန် သီတင်းပတ် ၂၀ အတွင်း ဖျက်ချခွင့်အား ခွင့်ပြုမိန့် ချမှတ်ပေးခဲ့သည်။

ယခု မီးဖွားသည့် ဆယ်နှစ်သမီးလေး၏ အမှုကို ကြားနာဆုံးဖြတ်ခဲ့သော တရားရုံးချုပ် တရားသူကြီးများက အိန္ဒိယရှေ့နေချုပ်ထံ ကိုယ်ဝန်ဖျက်ချခွင့် လျှောက်ထားချက်များကို လျှင်လျှင်မြန်မြန် ဆုံးဖြတ်ပေးနိုင်ရေး ကျန်းမာရေးဘုတ်အဖွဲ့အား အထူးဖွဲ့စည်းထားရှိရန် တိုက်တွန်းခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required