လစာ၏ ၁ ရာခိုင်နှုန်းကို လှူဒါန်းမည့် မာတာ၏ Common Goal အစီအစဉ်တွင် ဟမ်မဲလ် ပူးပေါင်းပါ၀င်

လစာ၏ ၁ ရာခိုင်နှုန်းကို လှူဒါန်းမည့် မာတာ၏ Common Goal အစီအစဉ်တွင် ဟမ်မဲလ် ပူးပေါင်းပါ၀င်

သြဂုတ် ၁၈၊ အင်္ဂလန် ။              ။ လစာ၏ ၁ ရာခိုင်နှုန်းကို လှူဒါန်းမည့် မန်ယူကွင်းလယ်ကစားသမား မာတာ၏ Common Goal အစီအစဉ်တွင် ဘိုင်ယန်နောက်ခံလူ ဟမ်မဲလ် ပူးပေါင်း ပါ၀င်လာပြီ ဖြစ်သည်။

Common Goal အစီအစဉ်မှာ ကမ္ဘာတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသူများအတွက် မာတာက သူ၏ လစာငွေ ၁ ရာခိုင်နှုန်းကို လှူဒါန်းမည့် အစီအစဉ်ဖြစ်သည်။ မာတာက သူ၏အစီအစဉ်တွင် ပူးပေါင်းပါ၀င်ကြရန် ဘောလုံးလောကသားများကို တိုက်တွန်းနှိုးဆော်ထားရာ ယခု ဟမ်မဲလ်က ပူးပေါင်းပါ၀င်လာခြင်း ဖြစ်သည်။

 “မကြာခင်က Common Goal ဆိုတဲ့ အစီအစဉ်ကို ကျွန်တော်ကြားပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ကမ္ဘာကို ဘောလုံးအားကစားက ဖွံ့ဖြိုးတိုးတက်စေမယ့် အခွင့်အရေးပါပဲ။ ဒါကြောင့် ဒီအစီအစဉ်မှာ ကျွန်တော်တစ်စိတ်တစ်ပိုင်း ပါ၀င်လိုပါတယ်။

ဘောလုံးလောကမှာ ၀င်ငွေတွေပိုတိုးလာမယ်ဆိုရင် ကျွန်တော်တို့ပိုပြီး ချိတ်ဆက်နိုင်မယ်၊ ပြီးပြီးတော့ မြင့်မားတဲ့ရည်ရွယ်ချက်တွေကို လုပ်နိုင်မယ်လို့ ကျွန်တော်ခံစားရပါတယ်။

လစာငွေ ၁ ရာခိုင်နှုန်းနဲ့ ဘောလုံးလောကကြီးကို ကမ္ဘာတစ်ဝန်းလုံးနဲ့ ချိတ်ဆက်ပေးမယ့် တံတားတစ်စင်း ကျွန်တော်တို့ တည်ဆောက်ကြပါမယ်” ဟု ဟမ်မဲလ်က ဆိုသည်။

ဟမ်မဲလ်၏ ပူးပေါင်းပါ၀င်လာမှုသည် အခြားကစားသမားများကိုလည်း စွဲဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မာတာက ပြောဆိုခဲ့သည်။ မာတာက ဟမ်မဲလ်ကို “အသင်းဖော်ကောင်း” ဟု ခေါ်ဆိုခဲ့ပြီး ဟမ်မဲလ်ကလည်း အခြားကစားသမားများကို ပူးပေါင်းပါ၀င်ကြရန် နှိုးဆော်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ကစားပွဲကို နောက်တစ်ဆင့်ထပ်မြှင့်နိုင်ဖို့ မာတာနဲ့ကျွန်တော့်ရဲ့ အလှူမှာ အခြားကစားသမားတွေအနေနဲ့ ပူးပေါင်းပါ၀င်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဟမ်မဲလ်က ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly