ဘာစီလိုနာတွင် အစ္စလာမ်မစ်စစ်သွေးကြွတစ်ဦး လူအုပ်တွင်း ဗင်ကားဖြင့် ဝင်တိုက်၍ လူ ၁၃ ဦးသေဆုံး

ဘာစီလိုနာတွင် အစ္စလာမ်မစ်စစ်သွေးကြွတစ်ဦး လူအုပ်တွင်း ဗင်ကားဖြင့် ဝင်တိုက်၍ လူ ၁၃ ဦးသေဆုံး

ဘာစီလိုနာ၊ သြဂုတ် ၁၈ ။             ။ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် အစ္စလာမ်မစ်စစ်သွေးကြွတစ်ဦးက လူအုပ်တွင်း ဗင်ကားဖြင့် လိုက်လံဝင်တိုက်၍ လူ ၁၃ ဦး သေဆုံးရာ ရဲက အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်မှုကို အပူတပြင်းဆောင်ရွက်နေသည်။

သြဂုတ် ၁၇ ရက်က မြို့ရှိ လူစည်ကားထင်ရှားရာ လမ်းတွင် ဗင်ကားဖြင့် လိုက်လံဝင်တိုက်ခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ကြောင်း ရဲက ပြောထားသည်။

နေ့လည်ပိုင်းအချိန်က ကမ္ဘာလှည့်ခရီးသွားများပါ အပန်းဖြေလည်ပတ်နေရာ ယင်းလမ်းပေါ်တွင် ယခုကဲ့သို့ ကားဖြင့် တိုက်မှုဖြစ်ပွားရာတွင် ဒဏ်ရာရသူပေါင်းက ၁၀၀ ကျော်ထက်မနည်း ရှိကြောင်း အာဏာပိုင်များက ပြောသည်။

ယခုတိုက်ခိုက်မှုနှင့် ပတ်သက်သူအဖြစ် Driss Oukabir ဆိုသူကို ရဲတပ်ဖွဲ့က သံသယရှိထားပြီး ၄င်း၏ ဓာတ်ပုံများကိုလည်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုနှင့် ပတ်သက်ကာ ကမ္ဘာ့ခေါင်းဆောင်များကလည်း ရှုတ်ချထားကြသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ဥရောပတွင် ယင်းသို့ ကားဖြင့် လူအုပ်တွင်း ဝင်တိုက်ခြင်းများ ဖြစ်ပွားရာတွင် ယခုတိုက်ခိုက်မှုက နောက်ဆုံးဖြစ်ရပ်ဖြစ်ကာ စပိန်နိုင်ငံက အကြီးဆုံး ဘာစီလိုနာမြို့ရှိ လမ်းများတွင် ပြည်သူများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့မှုများ ကြီးစိုးနေရသည်။

အိုင်အက်စ်အဖွဲ့က ယခု ဘာစီလိုနာ တိုက်ခိုက်မှုကို ၄င်းတို့၏ တပ်သားများက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းဂျီဟတ်အဖွဲ့၏ ဝါဒဖြန့်ချိရေး သတင်းဌာနဖြစ်သော Amaq မှတစ်ဆင့် ထုတ်ပြန်သည်။

ဘာစီလိုနာ တိုက်ခိုက်မှုအတွက် ဝမ်းနည်းခြင်းအနေဖြင့် ပြင်သစ်နိုင်ငံက သမိုင်းဝင် အီဖယ်မျှော်စင်တွင် ဂရင်းနစ်စံတော်ချိန် ၁၀ နာရီ ၄၅ မိနစ်၌ မီးအမှောင်ချကာ ဝမ်းနည်းမှု ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required