စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားဆီသို့ ဘုရားဖူးငါးကြီးများ မလာရောက်တော့

စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားဆီသို့ ဘုရားဖူးငါးကြီးများ မလာရောက်တော့

ပွင့်ဖြူ၊ သြဂုတ် ၁၇ ။               ။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားဆီသို့ ဘုရားဖူး ငါးကြီးများ လာရောက်မှု နည်းပါးလာသည်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပြီး ယခုနှစ် ဝါတွင်းကာလအတွင်းလည်း ဘုရားဖူးငါးကြီးများ ရောက်မလာတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာအနီး ဧရာဝတီမြစ်နှင့် မုန်းချောင်း တို့ဆုံစည်းရာ ဘူးသည်ကျေးရွာအနီးတွင် ငါးကျွေးဆိပ်ရှိပြီး ဝါတွင်းကာလအတွင်း စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားသို့ ဘုရားဖူးလာသော ငါးကြီးများအား ဘုရားဖူးများက ငါး စာကျွေးရာဆိပ် ဖြစ်ကြောင်း သိရသည်။

“အရင်က အခုလို ဝါတွင်းကာလ ၀ါဆိုလပြည့်ကျော် တစ် ရက်၊ နှစ်ရက်ရောက်တာနဲ့ ဧရာဝတီမြစ်ကနေ မုန်းချောင်းထဲကို ဘုရားဖူးငါးကြီးတွေ ၀င်လာတယ်၊ သူတို့စလာပြီဆိုတာ သိအောင်လည်း အုပ်စုလိုက် ရေပေါ်မှာ ပေါ်ပြတယ်၊ ငါးကျွေးဆိပ်မှာ ငါးကျွေးရင် ကလေးတွေ ရေထဲချော်ကျရင်တောင် ငါးကြီးတွေက ကျောပိုးပေးထားကြတယ်၊ ငယ်ငယ်ကမနက်တိုင်း ငါးတွေနဲ့ ကစားဖူးပါတယ်။ သူတို့ခေါင်းလေးတွေ ပွတ်ပေးရင် ကမ်းနဖူးအထိ တက်လာပါတယ် ငါးကြီးတွေကို မြောက်မြောက်ပြီး ဓါတ်ပုံရိုက်ကြနဲ့ပေါ့ဗျာ။ အခုတော့ ပြောပြရင်လည်း ဒဏ္ဍာရီလိုလို ယုံတမ်းစကားလိုလို ဖြစ်နေပါပြီ” ဟု ကျောင်းတော်ရာကျေးရွာနေ အသက် ၅၀ ကျော် ဦးအောင်ကျော်မိုးကပြောသည်။

ယခင်က စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားပွဲတော်၏ ထူးခြားချက်မှာ ပွဲတော်ချိန်ဝါတွင်းသုံးလလုံး ဘုရားဖူး ငါးကြီးများ လာရောက်ခြင်း၊ ငါးကြီးများက လူများနှင့်ရင်းနှီးစွာနေသလို ဘုရားဖူးများက ငါးစာကျွေးလျှင် ပါးစပ် ကြီးများကို အသင့်ဟ၍ စောင့်နေတတ်ကြကြောင်း ၊ ယခင်ကကျောင်းတော်ရာဘုရားဖူး ရောက်ခဲ့သော မင်းဘူးမြို့မှ ဒေါ်လှလှရွှေကပြောသည်။

“ငါးကြီးတွေက ရေပေါ်မှာ ပေါ်ပေးတယ်။ သူတို့ပါးစပ်ကြီးတွေကိုဟထားရင် အစာထည့်တဲ့ လက်မရုပ်မချင်း ပါးစပ်ကို မပိတ်ပစ်ဘူး၊လူတွေက ဖက်ကြ မချီကြရင်လည်း သူတို့ဆူးတောင်တွေကို အုပ်ပေးထားတယ်။ လူတွေကို မစူးအောင်ပေါ့။ ပြီးတော့ ဘုရားဖူးလာသူတွေ ကျွေးမွေးတဲ့ ငါးစာတွေကို အုပ်စုလိုက် လာရောက်စားသောက်ကြသလို လူတွေနဲ့လည်း ရင်းနှီးစွာနေကြတယ်၊ ထူးခြားချက်က ဥပုသ်နေ့ရောက်တိုင်း တစ်နေ့လုံးအစာကျွေးလည်း မစားတော့ဘူး၊အခုတော့ လွမ်းစရာတွေပေါ့ဟု ဒေါ်လှလှရွှေက ဆက်ပြောသည်။

ဘုရားပွဲတော်ချိန်တွင် ငါး ကြီးများမလာတော့သည့် အကြောင်းအချက်များတွင် ငါးကြီးများ လာရာ မြစ်ကြောင်း နှင့် မုန်းချောင်းတို့၌ ငါးဖမ်းပိုက်များ သွယ်တန်းထားခြင်း၊မြစ်ကြောင်းတစ်လျှောက် နှင့် မုန်းချောင်း တစ်လျှောက်တွင် အချိန်ရာသီမရွေးငါးဖမ်းခြင်း၊ ပိုက်ချခြင်း၊ လျှပ်စစ်ရှော့ခ်တိုက် ငါးဖမ်းခြင်းများ၊ မုန်းချောင်း၏ မြစ်ဖျားခံရာ အထက်ဘက်၌ မုန်းဆည်နှင့် ကြီးအုံကြီးဝဆည်ကြီးများ တည်ဆောက်လိုက်ခြင်းတို့ကြောင့် ဖြစ်နိင်ကြောင်း ဒေသခံများကပြောသည်။

စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားသည် သာသနာသမိုင်းဝင် ဘုရားဖြစ်ပြီး ဂေါတမမြတ်စွာဘုရား (၇)ရက်တိုင်တိုင် သီးတင်းသုံးတော်မူခဲ့ပြီး ထီးတော်(၃)ဆင့် ပစ္စယံ(၃)ဆင့် ဉာဏ်တော်အမြင့် (၁၃၁) တောင် ဖေါင်းရစ်တော်(၁၃)လုံးအရံစေတီပေါင်း(၁၀၈)ဆူ ရှိကြောင်းသိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required