ရေမြောင်းများ ဖောက်လုပ်ထားပါက နိုင်လွန်ကတ္တရားလမ်းများ ချက်ချင်းခင်းပေးမည်ဟု မွန်ဝန်ကြီးချုပ် ဆို

ရေမြောင်းများ ဖောက်လုပ်ထားပါက နိုင်လွန်ကတ္တရားလမ်းများ ချက်ချင်းခင်းပေးမည်ဟု မွန်ဝန်ကြီးချုပ် ဆို

မော်လမြိုင်၊ သြဂုတ် ၁၇ ။           ။ မော်လမြိုင်မြို့ ၊ မြိုင်သာယာရပ်ကွက်ရှိ သမိန်းဗရမ်းလမ်းရှိ ပြည်သူများက မိမိ၏ နေအိမ်ရှေ့အသီးသီး၌ ရေမြောင်းများ ဖောက်လုပ်ထားရှိပါက ပြည်နယ်အစိုးအနေဖြင့်   နိုင်လွန်ကတ္တရာလမ်းများ ချက်ချင်းခင်းပေးမည်ဖြစ်ကြောင်း သြဂုတ် ၁၇ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

"မြိုင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ပြောထားတယ် ။ ရပ်ကွက်မှာ ရှိတဲ့ ရေမြောင်းတွေ လုပ်ပေးပြီးရင် ချက်ချင်းလာပြောပါ၊ နိုင်လွန်ကတ္တရာ ချက်ချင်းခင်းပေးမယ်လို့"ဟု မွန်ဝန်ကြီးချုပ်က ပြောသည်။

မွန်ပြည်နယ် ၁၀ မြိုနယ်အတွင်း မြို့ပေါ်ရပ်ကွက်များအပါအဝင် မြိုင်သာယာရပ်ကွက်ရှိ သမိန်းဗရမ်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း လူနေအိမ်အရှေ့တို့၌ ရေမြောင်းများ ဖောက်လုပ်ထားမှု မရှိခြင်းကြောင့် ကတ္တရားလမ်းများ မကြာခဏ ပျက်စီးနေမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်ဒေါက်တာ အေးဇံ ပြောဆိုခဲ့သည် ဆိုသည့် အကြောင်းအရာ များကို ရပ်ကွက်နေ ပြည်သူများသိရှိအောင် အသိပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြိုင်သာယာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးရှိန်က ဆိုသည်။

"ရပ်ကွက်သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးကော်မတီကိုလည်း အခုအသစ် ဖွဲ့စည်းထားပြီးပါပြီး လာမယ့်အပတ်ကစပြီး ရပ်ကွက်ပြည်သူတွေကို အသိပေးစည်းရုံးပြီး ရေမြောင်းဖောက်လုပ်ဖို့ လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားမှာပါ"ဟု ပြောသည်။

ဌာဆိုင်ရာ တာဝန်ရှိ အုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ပြီး ရေမြောင်းဖောက်လုပ်သွားမည်ဆိုပါက ရပ်ကွက်နေပြည်သူအနေဖြင့် ပူးပေါင်းလုပ်ဆောင်သွားရန် အဆင်သင့်ရှိနေပါကြောင်း မြိုင်သာယာရပ်ကွက် ဒေသခံများက ဆိုသည်။

"ကျွန်တော်တို့ ရပ်ကွက်ကို အခုလိုလုပ်ပေးမယ်ဆိုတော့ ရပ်ကွက်ပြည်သူတွေ အနေနဲ့ ပူးပေါင်းမပါဝင်စရာ မရှိပါဘူး၊ ရေမြောင်းတွေကိုလည်း ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေနဲ့ စနစ်ကျဖောက်လုပ်ပေးစေချင်တယ်" မြိုင်သာယာရပ်ကွက်နေသူ ဦးဟိန်းစိုးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly