လယ်ယာဖျက်ပိုးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် တောင်သူဦးကြီးများအား အသိပညာပေး

လယ်ယာဖျက်ပိုးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် တောင်သူဦးကြီးများအား အသိပညာပေး

သထုံ၊ ဩဂုတ်၊ ၁၇ ။            ။ တောင်သူဦးကြီးများ လယ်ယာဖျက်ပိုးအန္တရာယ် အချိန်မီ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်း ကို သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်အုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ်လ ၁၇ရက် နံနက် ၉ နာရီတွင် ပြုလုပ်သည်။

"အခုအချိန်က လယ်ယာတောင်သူ ဦးကြီးတွေအတွက် ဖြုတ်ပိုး၊ ဆစ်ပိုး၊ ခရုနဲ့ ကြွက်တွေရဲ့ အန္တရာယ်က နီးကပ်နေတယ်လေ။ ဒီအန္တရာယ်တွေကို တောင်သူဦးကြီးတွေ ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် ကျွန်မတို့ အခုလို လာပြီးအသိပညာပေးတာပါ"ဟု သထုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒု/လက်ထောက်ဦးစီးမှူး (သိမ်ဆိပ်တာဝန်ခံ) ဒေါ်ဘယ်ရီချစ်က ပြောသည်။

ယခုကာလသည် ဖျက်ပိုးများ ကျရောက်သော ကာလ မဟုတ်သေးသော်လည်း ကြိုတင် ကာကွယ်သည့်အနေဖြင့် အသိပညာပေးခြင်း ဖြစ်ကြောင်း သိရသည်။

"အခု ကျွန်တော်တို့ဆီမှာ ဖျက်ပိုးတွေကတော့ မကျသေးပါဘူး။ ကြိုတင်ကာကွယ်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ မနှစ်ကဆို တောကြီးဘက်ကလို တစ်ချို့လယ်သမားတွေဆိုရင် အများကြီးကို ပျက်စီးဆုံးရှုံး နစ်နာခဲ့ကြတယ်။ ဖျက်ပိုးရော၊ ဆားငန်ရေတွေကြောင့်ရောပေါ့။ ဒါကြောင့် ပျက်စီးဆုံးရှုံးမှုတွေ နည်းသထက်နည်းအောင် ကြိုတင်ကာကွယ်ဖို့လိုလို့ အခုလို အသိပညာ ပေးရတာပါ"ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထိုက်က ပြောသည်။

အဆိုပါ အသိပညာပေးပွဲကို သထုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့က ဦးစီးပြုလုပ်ပြီး သိမ်ဆိပ်မှ ဒေသခံလယ်ယာဦးကြီးများ တက်ရောက်ခဲ့ကြသည်။

ဖျက်ပိုးများသည် ၁၂ ရာသီ ကာလပတ်လုံး ကျရောက်တတ်ပြီး မိုးရိပ်များသည့်ကာလများတွင် ပိုမိုကျရောက် တတ်ကာ စိုက်ပျိုးသမျှအခင်း ကုန်လုနီးပါး ဖျက်ဆီးတတ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly