၀င်ငွေအများဆုံးရရှိသော မင်းသမီးဖြစ်လာသည့် အမ်မာစတုန်း

၀င်ငွေအများဆုံးရရှိသော မင်းသမီးဖြစ်လာသည့် အမ်မာစတုန်း

Forbes မဂ္ဂဇင်းမှ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့သည့် ၂၀၁၇ခုနှစ်၏ ၀င်ငွေအများဆုံးရရှိသော မင်းသမီးများစာရင်း၌ အမ်မာစတုန်းသည် ဂျနီဖာလောရင့်စ်အား ကျော်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သည်။

Forbes မဂ္ဂဇင်းက လွန်ခဲ့သော ၂၀၁၆ ဇွန်လမှ ယခု ၂၀၁၇ ဇွန်လအထိ ၁၂ လတာအတွင်း ရရှိခဲ့သော ၀င်ငွေ များကို တွက်ချက်အပြီးတွင် La La Land ဇာတ်ကားနှင့်အတူ အော်စကာဆုပေးပွဲ၌ အကောင်းဆုံးမင်းသမီးဆု အား ဆွတ်ခူးနိုင်ခဲ့သည့် အသက် ၂၈နှစ်အရွယ် အမ်မာစတုန်းသည် ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၆သန်း ( အခွန်မဆောင်ရသေး) ခန့် ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သူမ၏နောက်တွင် နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်သော အသက် ၄၈ နှစ်အရွယ်ရှိ ဂျနီဇာအန်နစ္စတန်က ၀င်ငွေ ၂၅.၅သန်းဖြင့် အဆိုပါစာရင်း၌ ဒုတိယနေရာမှ ရပ်တည်နေသည်။

Forbes မှ နှစ်စဉ်ထုတ်ပြန်နေကြဖြစ်သော အဆိုပါစာရင်း၌ ၂နှစ်ဆက်တိုက် ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သော ဂျနီဖာလောရင့်စ်သည် ယခုနှစ်တွင် ၀င်ငွေ ၂၄သန်းသာ ရရှိခဲ့ပြီး တတိယနေရာမှ ရပ်တည်လျက်ရှိသည်။ လွန်ခဲ့သောနှစ်က သူမသည် ၀င်ငွေ ၄၆ သန်းခန့်ရရှိကာ ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။

ဟောလိ၀ုဒ်ရုပ်ရှင်လောကတွင် မင်းသမီးများအနေဖြင့် မင်းသားများနှင့်တန်းတူ သရုပ်ဆောင်ကြေး ရရှိရေး အတွက် တောင်းဆိုထားသော လောရင့်စ်သည် Hunger Games ဇာတ်ကားများ ပြီးဆုံးသွားသည့်အတွက် အရင်လို ၀င်ငွေမကောင်းတော့သော်လည်း အခြားရုပ်ရှင်ဇာတ်ကားများ နှင့် ဖက်ရှင်အမှတ်တံဆိပ် Christian Dior တို့နှင့် ချုပ်ဆိုထားသော စာချုပ်များမှ ၀င်ငွေပုံမှန်ရရှိနေဆဲဖြစ်သည်။

အဆိုပါ၀င်ငွေအကောင်းဆုံး မင်းသမီး ၁၀ ဦးစာရင်း၌ ပါ၀င်ခဲ့သော အခြားသရုပ်ဆောင်များမှာ ရှားလစ်သရွန်၊ အမ်မာဝတ်ဆန်နှင့် မယ်လစ်ဆာမက္ကာသီ တို့ဖြစ်ကြသည်။ ယခုနှစ်စာရင်းတွင် အာရှမှမင်းသမီးများ ပါ၀င်ခဲ့ခြင်း မရှိကြောင်း Forbes က ပြောခဲ့သည်။

ယခုနှစ်၏ဝင်ငွေအကောင်းဆုံး မင်းသားများစာရင်းကို Forbes က ယခုအပတ်အတွင်း ထုတ်ပြန်ကြေညာသွား မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly