ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲတွေ ဖြစ်မလာအောင် အဆုံးစွန် တားဆီးသွားမယ်လို့ တောင်ကိုရီးယားသမ္မတ ပြော

ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲတွေ ဖြစ်မလာအောင် အဆုံးစွန် တားဆီးသွားမယ်လို့ တောင်ကိုရီးယားသမ္မတ ပြော

သြဂုတ် ၁၇ ။               ။ မြောက်ကိုရီးယားတို့ရဲ့ ရန်လိုခြိမ်းခြောက်မှုတွေ ရှိနေလင့်ကစား ကိုရီးယားကျွန်းဆွယ်မှာတော့ စစ်ပွဲတွေ ရှိလာမှာမဟုတ်ဘူးလို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက သြဂုတ် ၁၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေလုပ်နေတဲ့ မြောက်ကိုရီးယားအပေါ် အမေရိကန်တို့က စစ်ရေးနည်းနဲ့ အရေးယူလာမယ်ဆိုရင်လည်း ယင်းကိစ္စကို မိမိတို့ တောင်ကိုရီးယားက ဗီတိုအာဏာသုံးတားဆီးပိုင်ခွင့် ရှိတယ်ဆိုပြီး ၎င်းက ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ပထမဆုံးသော အိုင်စီဘီအမ် တိုက်ချင်းပစ်ဒုံးကို မြောက်ကိုရီးယားတို့ ပစ်လွှတ်စမ်းသပ်နိုင်ခဲ့ပြီးနောက် အဆိုပါ ကျွန်းဆွယ်ဒေသတွင်း တင်းမာမှုတွေ မြင့်တက်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်တွေတုန်းကလည်း အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်မယ်ဆိုတဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှု ထွက်ရှိခဲ့သလို အဲဒီလို လုပ်မယ်ဆိုရင် ကမ္ဘာမှာ မကြံုဖူးသေးတဲ့ အရေးယူမှုမျိုးနဲ့ ကြံုရလိမ့်မယ်လို့ အမေရိကန်သမ္မတ ထရမ့်ဘက်က ခြိမ်းခြောက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုရီးယားကျွန်းဆွယ်ဒေသတွင်း စစ်ပွဲတွေ ရှိမလာအောင် ဖြစ်တဲ့နည်းနဲ့ တားဆီးကာကွယ်သွားမှာဖြစ်တယ်ဆိုပြီး ယခုအခါ တောင်ကိုရီးယားသမ္မတက ပြောကြားခဲ့ပါတယ်။

" ဒီဒေသမှာ ဘာစစ်ပွဲမှ ရှိလာမှာမဟုတ်ဘူးဆိုတာကို တောင်ကိုရီးယားပြည်သူတွေ ယုံကြည်ထားစေချင်ပါတယ်" လို့ မွန်ဂျေအင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ပြောဆိုသွားပါတယ်။

အမေရိကန်အနေနဲ့ကတော့ ၁၉၅၃ ကိုရီးယားစစ်ပွဲပြီးချိန်ကတည်းက တောင်ကိုရီးယားရဲ့ လုံခြံုရေးကို အာမခံချက်ပေးထားသလို ယခုထက်ထိလည်း မြောက်ကိုရီးယားရန်ကနေ ကာကွယ်ဖို့ ယင်းနိုင်ငံမှာ တပ်ဖွဲ့ဝင် အင်အား ၂၈,၅၀၀ ချထားပေးလျက်ရှိပါတယ်။

ဒါပေမယ့် အမေရိကန်တို့ရဲ့ ဘယ်လိုစစ်ရေးလုပ်ဆောင်ချက်မျိုးမဆို ပယ်ချတားဆီးနိုင်တဲ့ အာဏာ မိမိတို့ဆီမှာ ရှိထားတယ်လို့ မွန်ဂျေအင်းက ပြောပါတယ်။

အမေရိကန်တို့အနေနဲ့ မြောက်ကိုရီးယားအပေါ် တိုက်ခိုက်ဖို့ လုပ်လာတဲ့အခါ မိမိတို့ တောင်ကိုရီးယားရဲ့ သဘောတူညီချက်ကို ရပြီးမှသာ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ၎င်းက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required