မြန်မာ-ဘရူနိုင်းပွဲအားပေးမည့် ပရိသတ်များအတွက် လက်မှတ် ၂၀၀၀ ဝယ်ယူနိုင်ရန် MFF ကြိုးပမ်းနေ

မြန်မာ-ဘရူနိုင်းပွဲအားပေးမည့် ပရိသတ်များအတွက် လက်မှတ် ၂၀၀၀ ဝယ်ယူနိုင်ရန် MFF ကြိုးပမ်းနေ
ဓာတ်ပုံ-MFF
 

သြဂုတ် ၁၇၊ ရန်ကုန်။         ။ သြဂုတ်လ ၁၈ရက်တွင်ကစားမည့် မြန်မာယူ-၂၂အသင်းနှင့် ဘရူနိုင်းယူ-၂၂အသင်းတို့၏ ဆီးဂိမ်းအမျိုးသား ဘောလုံးပွဲစဉ်ကိုလာရောက်အားပေးမည့် မလေးရှားနိုင်ငံမှ မြန်မာဘောလုံးပရိသတ်များအတွက် လက်မှတ်စောင်ရေ ၂၀၀၀ ဝယ်ယူခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အဖွဲ့မှကြိုးပမ်းနေသည်။

မလေးရှားနိုင်ငံတွင်ကျင်းပနေသော ဘောလုံးပွဲစဉ်များကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ရိုက်ကူးခွင့်အတွက် အခက်အခဲများရှိနေသလို ကွင်းအတွင်း လက်မှတ်ဝယ်ယူကြည့်ရှုရာတွင်လည်း ခွဲတမ်းရရှိထားသော လက်မှတ်သာ ဝယ်ယူရရှိသဖြင့် အခက်အခဲများရှိနေသည်။

မြန်မာယူ-၂၂အသင်းယှဉ်ပြိုင်ကစားနေသော ဘောလုံးပွဲစဉ်များကို မလေးရှားနိုင်ငံရောက်မြန်မာပရိသတ်များတစ်ခဲနက် လာရောက်အားပေးနေပြီး တစ်ပွဲပျမ်းမျှပရိသတ် ၄၀၀၀ဝန်းကျင်ခန့် လာရောက်အားပေးနေသည်။

လာအိုအသင်းကို ၃ - ၁ ဂိုးဖြင့်အနိုင်ရခဲ့သောပွဲတွင် ပရိသတ် ၂၀၀၀ ကျော်လာရောက်အားပေးခဲ့ပြီး ၅၀၀ ဝန်းကျင်သာ ကွင်းအတွင်းဝင်ရောက်အားပေးခွင့်ရခဲ့ပြီး ကျန်ပရိသတ်များမှာ ကွင်းအပြင်မှ ကြံုသလိုကြည့်ရှု အားပေးခဲ့ရသည်။

လာအိုနဲ့ပွဲမှာပရိသတ်တွေအတွက် ဥက္ကဌက လက်မှတ် ၅၀၀ ဝယ်ပြီးဝေပေးခဲ့တယ်။ ဒါပေမယ့် ပရိသတ်အင်အားက ၂၀၀၀ကျော်အထိရှိလာလို့ လက်မှတ်ထပ်ဝယ်ပြီး ဝေဖို့ကြိုးစားပေမယ့် ထပ်မရောင်းတော့ဘူး။ ခွဲတမ်းအတိုင်းပဲရမယ်လို့ပြောတယ်။ ဘရူနိုင်းနဲ့ပွဲမှာတော့ ပရိသတ်တွေအတွက် လက်မှတ် ၂၀၀၀ ဝယ်ခွင့်ရဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ညှိုနှိုင်းတာတွေ အများကြီးလုပ်နေရပါတယ်။ ဟု မလေးရှားနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စျေးကွက်ဒါရိုက်တာ ဦးဆူးအောင်က ပြောသည်။

မြန်မာယူ-၂၂အသင်းမှာ ဆီးဂိမ်းအုပ်စု(က)အဖွင့်နှစ်ပွဲ ကစားအပြီးတွင် စင်ကာပူကို ၂ - ၀ ဂိုး၊ လာအိုကို ၃ - ၁ ဂိုးများဖြင့်အနိုင်ရထားပြီး အမှတ်ပေးဇယားပထမနေရာတွင် ရပ်တည်နေသည်။ မြန်မာယူ-၂၂အသင်းနှင့် ဘရူနိုင်းယူ-၂၂အသင်းတို့ပွဲကို သြဂုတ် ၁၈ရက် နေ့လည် မြန်မာစံတော်ချိန် ၂း၃၀တွင် ကစားမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့်ရေဒီယိုတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required