ဆွမ်းဆီးကွင်းလယ်ကစားသမား ဆီဂတ်ဆင်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အဲဗာတန်ခေါ်ယူ

ဆွမ်းဆီးကွင်းလယ်ကစားသမား ဆီဂတ်ဆင်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အဲဗာတန်ခေါ်ယူ

အင်္ဂလန်၊ သြဂုတ် ၁၇ ။           ။ အဲဗာတန်အသင်းသည် ဆွမ်ဆီးအသင်းမှ အိုက်စလန်ကွင်းလယ်ကစားသမား ဆီဂတ်ဆင်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အဲဗာတန်အသင်းက ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူကို ၂၀၁၄ ခုနှစ်က ပေါင် ၃၁.၈ သန်းဖြင့် ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေးကို ဆီဂတ်ဆင်၏ပြောင်းရွှေ့ကြေးက ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။

အဲဗာတန်အသင်းသည် ဆီဂတ်ဆင်ကို အကြိမ်များစွာကမ်းလှမ်းခဲ့ပြီးနောက်ဆုံးခေါ်ယူလိုက်နိုင်ခြင်း ဖြစ်သည်။ အဲဗာတန်သို့ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်တွင် ဆီဂတ်ဆင်က “အဲဗာတန်အသင်းအတွက် ဂိုးတွေအများကြီးဖန်တီးပေးပြီး ဂိုးတွေဆက်သွင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဗာတန်အသင်းက ရှာဖွေနေတဲ့ အောင်မြင်မှုကို ပူးပေါင်း ရှာဖွေသွားမှာပါ” ဟု ပြောသည်။

ထို့အပြင် ၎င်းက “အဲဗာတန်အသင်းက ရည်မှန်းချက်မြင့်မားတဲ့အသင်းပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ပြောင်းရွှေ့မှုက ကောင်းတယ်ဆိုတာ ရှင်းပါတယ်။ အရေးအကြီးဆုံးကတော့ နိုင်ပွဲတွေရရှိအောင်ကြိုးစားပြီး အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်ဖို့ပါ။ ဒါက ရာသီတစ်လျှောက်လုံး လုပ်ရမယ့်အရာပါ” ဟု ဆိုသည်။

အဲဗာတန်အသင်းသည် ဆီဂတ်ဆင်ကို တစ်ပတ်လစာငွေ ပေါင်တစ်သိန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

အဲဗာတန်နည်းပြ ရော်နယ်ကိုးလ်မန်းကလည်း ဆီဂတ်ဆင်သည် ပရီးမီးယားလိဂ်တွင် သူကစားသည့်နေရာ၌ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required