လာအိုကိုနိုင်ပြီး ဆီမီးတက်ဖို့ခြေတစ်လှမ်းထပ်ရွှေ့နိုင်ခဲ့တဲ့ မြန်မာယူ-၂၂

လာအိုကိုနိုင်ပြီး ဆီမီးတက်ဖို့ခြေတစ်လှမ်းထပ်ရွှေ့နိုင်ခဲ့တဲ့ မြန်မာယူ-၂၂
ဓာတ်ပုံ-MFF

သြဂုတ် ၁၆ ရန်ကုန်။          ။ ၂၉ကြိမ်မြောက်ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ဒုတိယမြောက်ပွဲတွင် မြန်မာယူ-၂၂အသင်းမှာ လာအိုယူ-၂၂အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန်ခြေတစ်လှမ်းထပ်ရွှေ့နိုင်ခဲ့သည်။

မြန်မာအသင်းမှာ ပထမနေ့က စင်ကာပူကိုအနိုင်ရထားသည့်ပွဲမှ လူစာရင်းကို တိုက်စစ်မှူးအောင်ကောင်းမာန်နေရာ၌ ကွင်းလယ်ကစားသမား ရဲရင့်ထွန်းတစ်ဦးတည်းကို အပြောင်းအလဲလုပ်ပြီး ပွဲထွက်လာခဲ့သည်။

မြန်မာအသင်းကစားပုံမှာ အားနည်းချက်များရှိခဲ့သော်လည်း ပွဲချိန် ၃၇မိနစ်တွင် တိုက်စစ်မှူးအောင်သူသွင်းယူခဲ့သော ဂိုးဖြင့်ပထမပိုင်းအပြီးတွင် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းကွင်းလယ်၌ ရဲရင့်ထွန်းအစား မောင်မောင်စိုးကို လူစားလဲခဲ့ပြီးနောက် ကစားအားကျသွားသည်ကိုအခွင့်ကောင်းယူကာ လာအိုကစားသမား လစ်သီဒက်က ပွဲချိန် မိနစ် ၆၀ တွင် ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။

မြန်မာအသင်းမှာ အနိုင်ဂိုး များရရှိရန် တိုက်စစ်မြှင့်ကစားခဲ့သော်လည်း အချိတ်အဆက်လွဲနေပြီး လာအို ဂိုးသမားနှှှင့်နောက်ခံလူများ ကာကွယ်နိုင်ခဲ့သဖြင့်ပွဲချိန် ၉၁ မိနစ်နှင့် ၉၄ မိနစ် ရောက်မှသာ အနိုင်ဂိုးများရခဲ့သည်။ မြန်မာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးများကို ရွှေကိုနှင့် လှိုင်းဘိုဘိုတို့က သွင်းယူပေးခဲ့သည်။

မြန်မာယူ-၂၂အသင်းမှာ အုပ်စုတတိယပွဲအဖြစ် သြဂုတ် ၁၈ ရက်တွင် ဘရူနိုင်းအသင်းနှင့်ကစားရမည်ဖြစ်ပြီး ယင်းပွဲအနိုင်ရပါက ဆီမီးဖိုင်နယ်တက်ရောက်နိုင်မည်ဖြစ်သည်။ လက်ရှိ အုပ်စုပွဲစဉ်နှစ်ပွဲကစားအပြီးတွင် မလေးရှားနှင့် မြန်မာတို့ကနှစ်ပွဲစလုံးအနိုင်ရထားပြီး မြန်မာက ဂိုးကွာခြားချက်အသာဖြင့် အုပ်စုပထမနေရာတွင်ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required