ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်နေသည်ဟု အမေရိကန် စွပ်စွဲချက်ကို တရုတ် ပယ်ချ

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်နေသည်ဟု အမေရိကန် စွပ်စွဲချက်ကို တရုတ် ပယ်ချ

ပေကျင်း၊ သြဂုတ် ၁၆ ။            ။ ခရစ်ယာန်များ၊ မွတ်စလင်များ၊ Falun Gong ဘာသာဝင်များနှင့် တိဗက်ဗုဒ္ဓဘာသာများအား နှိပ်ကွပ်နေသည်ဟု စွဲဆိုထားသော အမေရိကန်၏ နှစ်ပတ်လည်အစီရင်ခံစာကို တရုတ်က သြဂုတ် ၁၆ ရက်တွင် ငြင်းဆန်ပယ်ချလိုက်သည်။

"တရုတ်ပြည်သူ အားလုံး၊ လူမျိုးစုတိုင်းရင်းသားအားလုံး၊ နယ်မြေဒေသအားလုံး ဘာသာရေးယုံကြည်မှုကို အပြည့်အဝ ခံစားခွင့် ရရှိထားတယ်။ အမေရိကန်ရဲ့ အစီရင်ခံစာဟာ အမှန် အချက်အလက်တွေကို မျက်ကွယ်ပြုထားတာပဲ ဖြစ်တယ်။"ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဟွာချွင်ယင်းက ပုံမှန်သတင်းစာရှင်းလင်းရာတွင် ပြောသည်။

"အမေရိကန် ကိုယ်တိုင်က ပြည့်စုံမှု မရှိသေးတဲ့ နိုင်ငံလို့ပဲ ကျွန်မတို့ မြင်တယ်။ ကိုယ်အရေးသာ ကိုယ် ဖြည့်နိုင်ဖို့ စီမံလုပ်ဆာင်ဖို့ အမေရိကန်ကို ကျွန်မတို့ တိုက်တွန်းတယ်။"ဟု ဟွာချွင်ယင်းက ဆိုသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ နှစ်ပတ်လည် အစီရင်ခံစာကို သြဂုတ် ၁၅ ရက်က နိုင်ငံခြားရေးဝန်ကြီး ရတ်တေလာဆန်က တင်ပြရာတွင် တရုတ်အပြင် ဘာရိန်း၊ အီရန်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆူဒန်နှင့် တူရကီနိုင်ငံတို့ကိုလည်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်သည်ဟု ထောက်ပြထားသည်။

၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် "မှတ်ပုံတင်ထားသော၊ မှတ်ပုံတင်မထားသော ဘာသာရေးအဖွဲ့အုပ်စုများ၏ ဘာသာဝင်များအပေါ် ကိုယ်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညင်းပန်းနှိပ်စက်ခြင်း၊ ထောင်တန်းချခြင်းနှင့် နှောင့်ယှက်တိုက်ခိုက်ခြင်းများ ရှိသည်"ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Falun Gong ဘာသာဂိုဏ်းအဖွဲ့များ၊ ဗုဒ္ဓဘာသာဂိုဏ်းခွဲအဖွဲ့များနှင့် ခရစ်ယာန်ဂိုဏ်းအဖွဲ့များ အပါအဝင် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဂိုဏ်းအဖွဲ့များကို တားမြစ်ပိတ်ပင်ထားသည့် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြံုရေး ဥပဒေတစ်ရပ်ကို ယင်းပစီရင်ခံစာတွင် ကိုးကားထောက်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required