ဂူအမ်ကျွန်း ဒုံးကျည်ကြဲမည့် အစီအစဉ်ကို ရပ်လိုက်၍ ကင်ဂျုံးအွန်က အလွန်အမြော်အမြင်ရှိသူဟု ထရမ့် ချီးမွှမ်း

ဂူအမ်ကျွန်း ဒုံးကျည်ကြဲမည့် အစီအစဉ်ကို ရပ်လိုက်၍ ကင်ဂျုံးအွန်က အလွန်အမြော်အမြင်ရှိသူဟု ထရမ့် ချီးမွှမ်း

ဝါရှင်တန်ဒီစီ၊ သြဂုတ် ၁၆ ။            ။ အမေရိကန် ပစိဖိတ်ပိုင်နက် ဂူအမ်ကျွန်းကို ဒုံးကျည်များ ပစ်လွှတ်မည့် အစီအစဉ်အား ရပ်လိုက်ခြင်းအတွက် မြောက်ကိုရီးယားခေါင်းဆောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချီးကျုးစကား ဆိုသည်။

"မြောက်ကိုရီးယားက ကင်ဂျုံးအွန်ဟာ အလွန်အမြော်အမြင်ရှိတဲ့၊ အကျိုးဆက်ကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပဲဖြစ်တယ်။ ကပ်ဘေးနဲ့ မဖြစ်သင့်တာတွေကို လွဲဖယ်လိုက်တာပဲ ဖြစ်တယ်။"ဟု ထရမ့်က တွစ်တာတွင် ရေးသားလိုက်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်သည် ၎င်းတို့ ခြိမ်းခြောက်ထားသည့်အတိုင်း ဂူအမ်ကျွန်းသို့ ဒုံးကျည်တိုက်ခိုက်ရန်အတွက် အမေရိကန်၏ လုပ်ရပ်အပေါ် အချိန်တစ်ခုအထိ စောင့်ကြည့်ပြီး ဆုံးဖြတ်ချက်ချမည်ဟု သြဂုတ် ၁၅ ရက်တွင် ပြောလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် ဗုံးကြဲလေယာဉ်များ အခြေစိုက်စခန်းရှိရာ ဂူအမ်ကျွန်း ပတ်လည်က ပင်လယ်ပြင်သို့ ဒုံးကျည်လေးစင်း ကြဲချရန် အစီအစဉ်   ရေးဆွဲနေသည်ဟု   မြောက်ကိုရီးယားက ကြေညာထားခဲ့သည်။

သို့သော် အဆိုပါ ဒုံးကျည် ပစ်လွှတ်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ကင်ဂျုံးအွန်က “အမေရိကန်အနေနဲ့ ပထမဆုံး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပြသရမယ်။ ကိုရီးယားကျွန်းဆွယ် တင်းမာမှု လျော့ပါးရေးကို ဆန္ဒရှိတယ်၊ ဘေးအန္တရာယ်များတဲ့ စစ်ရေးထိပ်တိုက်တွေ့မှုကနေ ရှောင်ရှားချင်တယ် ဆိုတာကို ပြသရမှာဖြစ်တယ်။”ဟု ပြောကြောင်း သြဂုတ် ၁၅ ရက်တွင် မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly