“ ကျန်းမာရေး ဝန်ကြီးဌာနထဲ စစ်ဗိုလ်တွေ ထည့်တာ ဘာလုပ်ဖို့လဲ”

“ ကျန်းမာရေး ဝန်ကြီးဌာနထဲ စစ်ဗိုလ်တွေ ထည့်တာ ဘာလုပ်ဖို့လဲ”

အခုရက်ပိုင်း ရေဘေးပြဿနာ၊ အင်န်အယ်လ်ဒီနဲ့ ၈၈ အကွဲ အပြဲပြဿနာတွေ ဖြစ်ပွား နေချိန် ဆရာဝန်လောကနဲ့ လူမှုကွန်ယက်ထဲမှာ ပြောစရာအများဆုံး ဖြစ်လာတဲ့ သတင်းတစ်ပုဒ် ကတော့ တပ်မတော် အရာရှိတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆင့်မြင့်တာဝန်တွေ ပေးအပ် နေတဲ့ ကိစ္စပါ။ အဆင့်မြင့် ရာထူးပေးအပ်တဲ့ တပ်မတော် အရာရှိတွေထဲမှာ တပ်မတော် ဆေးတ က္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်း အရာရှိတွေ ပါသလို၊ ဆေးပညာနဲ့ လုံးဝ မသက်ဆိုင်တဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတွေလဲ ပါဝင်နေတာမို့ ဆရာဝန် လောက သားတွေအတွက် ပိုပြီး မခံမရပ်နိုင် ဖြစ်စေတာ ဖြစ်ပါတယ်။ အစိုးရနဲ့ တပ်မတော် ဒီ အစီအစဉ် ဘာလို့လုပ်ရတာပါလဲ၊ ဒီလုပ်ရပ် နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေ ရှိနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒီပြဿနာကို မပြောခင် တပ်မတော်ရဲ့ သိပ်မကြာသေးခင် ကာလက အတိတ်အကြောင်း ကို ပြန်ပြောင်း ပြောရပါလိမ့်မယ်။ ၁၉၈၈ အာဏာသိမ်းပြီး တက်လာတဲ့ ဗိုလ်ချုပ်မှူးြ ကီး သန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင် အုပ်စုဟာ လွတ်လပ်ရေး တိုက်ပွဲနဲ့အတူ ပေါက်ဖွားလာတဲ့ တပ်မ တော်ကို နည်းနှစ်နည်းနဲ့ ဖျက်ဆီးခဲ့ပါတယ်။ သူ့အရင် ၁၉၆၂ ကနေ ၁၉၈၈ အထိ အာဏာရယူ ခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်နေဝင်းကလည်း ဖျက်ဆီးထားခဲ့ပြီးပါပြီ။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မတော်ကို စနစ်တကျ ဖျက်ဆီးခဲ့တဲ့ နည်းနှစ်နည်းကတော့ တပ်မတော်ကို ဗမာ စစ်တပ် သဖွယ်ဖြစ်အောင်ပြောင်း လဲလိုက်တာနဲ့ စစ်အရာရှိ အမြောက်အများ မွေးမြူပြီး နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနေရာ အသီးသီးမှာ အထက်အရာရှိတွေအဖြစ် တာဝန်ပေး စေခိုင်း အုပ် ချုပ်စေခြင်းပဲ ဖြစ်ပါတယ်။ လွယ်လွယ်ပြော ရရင် တပ်မတော်ကို မဟာဗမာ လူမျိုးကြီးဝါဒ ကြီးစိုးတဲ့ စစ်တပ်လို ဖြစ်အောင် တည်ဆောက်ပြီး တိုင်းပြည်ကိုလည်း စစ်ဗျူရိုကရေစီ ယန္တယားအောက် ရောက်အောင် စနစ်တကျ သွတ်သွင်းလိုက်တာပဲဖြစ် ပါတယ်။

တပ်မတော်ကို တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိပ်အပိုင်း အဖြစ်ကနေ သီးသန့်ခွဲထုတ် လိုက်ပြီး စစ်အရာရှိတွေ အားလုံးကို အခွင့်ထူးခံ လူတန်းစား အလွှာတစ်ခုအဖြစ် သီးသန့် ဖန်တီး  လိုက်ခြင်းပါ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အစိုးရ ယန္တရားရဲ့ ထိပ်ဆုံး ဝန်ကြီး၊ ဒုဝန်ကြီး နေရာ တွေ အားလုံးလိုလိုလောက်ကို စစ်ဗိုလ်ချုပ်တွေက ရယူအုပ်ချုပ်ပါတယ်။ ဒါတင်မက ပြည်ထဲရေး၊ နယ်စပ်ရေး၊ လဝက၊ လယ်ယာနဲ့ ဆည်မြောင်း၊ ဘဏ္ဍာအခွန်၊ ပြန်ကြားရေး၊ စည်ပင်၊ နိုင်ငံခြားရေး စတဲ့ စတဲ့ ဝန်ကြီးဌာန အားလုံးနီးပါးလောက်မှာ စစ်အရာရှိ အများအပြားကို ခန့်ထား တာဝန်ပေး အုပ်ချုပ်စေတဲ့ စနစ်ကိုလည်း ကျင့်သုံးခဲ့ပါတယ်။

ပထမ အကျိုးဆက်ကတော့ မဟာဗမာ လူမျိုးကြီးဝါဒ ကြီးစိုးတဲ့ စစ်တပ် ဖြစ်နေတာကြောင့် တိုင်းရင်းသားတွေရဲ့ လုံးဝ ယုံကြည်မှု မရတော့ပဲ ပြည်တွင်းစစ်ကို သက်ဇိုးရှည်စေခဲ့ပါတယ်။ ဒုတိယ အကျိုးဆက်ကတော့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ယန္တယားထဲကို စစ်အရာရှိတွေ ထည့်ပြီး စစ်ဗျူရိုကရေစီ ယန္တယားပုံစံ ပြောင်းခဲ့တဲ့အတွက် စွမ်းဆောင်ရည် အလွန်ညံ့ဖျင်းတဲ့၊ စစ်အာဏာ ရှင်တွေကို သစ္စာရှိပြီး အထက်အမိန့် နာခံတတ်တာကလွဲရင် အဂတိလိုက်စားမှု အလွန်ကြီးမားတဲ့ အစိုးရယန္တယားအဖြစ် ပေါ်ပေါက်လာ၊ တိုင်းပြည်လည်း ချွတ်ခြုံကျခဲ့ရတာပါပဲ။

ပထမ ပြဿနာ တပ်မတော်ထဲမှာ တိုင်းရင်းသားတွေကို နေရာမပေးတဲ့ ကိစ္စနဲ့ ပတ် သက်ပြီး အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ စေ့စပ်ညှိနှိုင်းမှုလုပ်တဲ့ အချိန်မှာတော့ အဲဒီ အချက် ဝန်ခံပြောဆို ခဲ့ပါတယ်။ ဒါတွေကို အဲဒီအချိန်ကစ ပြုပြင်နေပြီဆိုပြီး ဝါရင့်ဝန်ကြီး တာဝန်ယူ ထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်က ကတိပြု ပြောခဲ့ဖူးပါတယ်။ ဒုတိယ ပြဿနာ ဝန်ကြီး ဌာနတွေထဲ မိုးကျရွှေကိုယ် စစ်ဗိုလ်တွေကို ချထားတာနဲ့ ပတ်သက်ပြီး နောင်ဒါတွေကို ဆင်ခြင် မယ်လို့ ဒုသမ္မတ စိုင်းမောက်ခမ်းက ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် သူဟာ အစိုးရအဖွဲ့နဲ့ တပ်မ တော်အပေါ် သိပ်ပြီး သြဇာရှိသူ မဟုတ်လေတော့ သူ့စကား သိပ်အရာရောက်ခဲ့ပုံ မပေါ်ပါဘူး။

တကယ်တော့ တိုင်းပြည်ကို ဒီမိုကရေစီစနစ် ဖော်ဆောင်မယ်ဆိုရင် အရင် စစ်အာဏာ ရှင်တွေရဲ့ စစ်ဗျူရိုကရေစီ ယန္တယား တည်ဆောက်သွားတာကို ပြန်ပြီး ပြုပြင်ရမှာပါ။ ဒီလိုလုပ် တာဟာ တပ်မတော် ကို ပျက်စီးစေပြီး၊ တပ်မတော် အရာရှိတွေကိုလည်း လွဲမှားတဲ့ အတွေးအ ခေါ်တွေ ရစေပါတယ်။ အရေးအကြီးဆုံးကတော့ တပ်မတော်အရာရှိတွေနဲ့ ပြည်သူတွေ မတူဘူး ဆိုပြီး တစ်ဖက်နဲ့တစ်ဖက်သွေး ကွဲစေမှု ဖြစ်စေသလို တိုင်းပြည်ရဲ့ အစိုးရယန္တယား စွမ်းဆောင် ရည်ကိုပါ ကျဆင်းစေပါတယ်။ ဒီလို စစ်ဗျူရိုကရေစီ ယန္တယားတည်ဆောက်မှုကို ရပ်ဆိုင်းဖို့ ဆိုရင် တပ်မတော်ကနေ ဝန်ကြီးဌာနတွေထဲ စစ်အရာရှိတွေထည့်ပြီး နေရာယူခိုင်းတာကို တစ်ဖြေးဖြေး လျော့ချ နောက်ပိုင်း လုံးဝရပ်ဆိုင်းလိုက်ဖို့ လိုပါတယ်။ တစ်ပြိုင်နက်တည်း စစ်အရာရှိတွေကို တပ် မတော်က လိုအပ်သလောက် မွေးထုတ်ဖို့ ကန့်သတ်ရပါမယ်။ တပ်မတော်အတွက် သီးသန့်ဆိုပြီး လုပ်ထားတဲ့ စစ်ဆေးတက္ကသိုလ်တို့ စစ်အင်ဂျင်နီယာ တက္ကသိုလ်တွေကို ရပ်ဆိုင်းလိုက်ဖို့ လိုပါ တယ်။

အရပ်ဘက် တက္ကသိုလ်တွေက မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေ ကိုပဲ တပ်မတော်ဘက်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင် စေခိုင်းတာမျိုး လုပ်သင့်ပါတယ်။ ဒါပေမယ့် အဲဒါတွေ ဟာ စိတ်ကူးယဉ်မှုတွေပဲ ဖြစ်ခဲ့ပါတယ်။ လက်ရှိ တပ်မတော်ဟာ လွှတ် တော်ထဲ စစ်အရာရှိ ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားပါတယ်။ စစ်သားအမတ် အရည်အတွက် ၅၀၀ လောက်ဆိုတော့ မနည်းပါဘူး။ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုး အမတ်တွေဆိုတာကလည်း စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ဟောင်းတွေ ချည်းပါပဲ။ အလွန်များပါတယ်။ ၄ နှစ်တာ ကာလအတွင်းရွေးကောက်ပွဲ ကော်မရှင်ထဲမှာလည်း စစ်ဗိုလ်တွေ ကိုချည်း နေရာချထားပါတယ်။ သိပ်မကြာသေးခင် တုန်းကလည်း ဝန်ကြီးဌာနတွေမှာ ဝန်ကြီး၊ ဒုဝန်ကြီးပြီးရင် အာဏာအရှိဆုံးဖြစ်တဲ့ အတွင်းဝန်ရာ ထူးတွေ ဖော်ထုတ် ခန့်ထားခဲ့ပါတယ်။

အားလုံးနီးပါး စစ်ဗိုလ်ဟောင်းတွေပါ။ ဝန်ကြီးဌာနတွေမှာ ဆိုရင်လည်း စစ်ဗိုလ်ဟောင်းတွေချည်းပါပဲ။ သက်မွေးဝမ်းကျောင်း ပညာတတ်မြောက်ပါမှ တာဝန် ယူလို့ရမယ့် ကျန်းမာရေးဝန်ကြီးဌာနမှာတော့ စစ်ဗိုလ်တွေ နည်းပါတယ်။ အခုအဲဒီ ကျန်းမာရေး ဝန်ကြီးဌာနကိုပါ တပ်မတော်ဘက်က အာဏာသိမ်းသလို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

အကြောင်းရင်းကို ပြန်ကြည့်ရင် လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်တွေကြားက စေ့စပ်မရတဲ့ ကြီးမားတဲ့ အကွဲအပြဲကြောင့် ဖြစ်ပုံရပါတယ်။ လက်ရှိ စစ်ဗိုလ်ချုပ်တွေဘက်က သူရ ဦးရွှေမန်းနဲ့ အရင် စစ်ဗိုလ်ချုပ်ဟောင်းတစ်ချို့ဟာ အရင် စစ်အာဏာရှင်တွေ အမွေပေးသွားတဲ့ ပြည်ခိုင်ဖြိုးပါတီကို အသုံးပြုပြီး တပ်မတော်အပေါ် သစ္စာမဲ့တယ်ဆိုတဲ့ ခံစားချက် ရှိလာရာကနေ အစ ပြုပါတယ်။

ဒီလိုအခြေအနေအောက် လာမယ့်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရ ပြီး သမ္မတနေရာရ၊ အစိုးရဖွဲ့နိုင်တဲ့ အနေအထားအထိ ရောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု ရှိလာ ပုံရပါတယ်။ ဒီအတွက် စစ်ခေါင်းဆောင်တွေဘက်က အဲဒီအခြေအနေကို ရင်ဆိုင်နိုင်ရေးအတွက် ခုလိုပြင်ဆင်နေပုံ ရပါတယ်။ ဒါဟာ တပ်မတော်ဘက်က ဒီမိုကရေစီ ခိုင်မာရေးကို ဝိုင်းဝန်း အ ကောင်အထည် ဖော်ရမယ့်အစား အရင်စစ်အာဏာရှင်တွေ မျိုးစေ့ချသွားပေးတဲ့ စစ်ဗျူရိုကရေစီ ယန္တယားကို ပိုပြီး ခိုင်ခန့်အောင် လုပ်တာမျိုး ဖြစ်နေပါတယ်။ လက်ရှိ အစိုးရနဲ့ တပ်မတော်ဘက်က အဲလို လုပ်ခြင်းအားဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုး တက်ရေးနဲ့ ဒီမိုကရေစီရေးအတွက် မကောင်းတဲ့ အ ကျိုးဆက်တွေသာ ဖြစ်ပေါ်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags