ဒေသတွင်း တင်းမာမှုများ ဆက်လက်မြင့်တက်နေစဉ် အမေရိကန်နှင့် ဂျပန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်

ဒေသတွင်း တင်းမာမှုများ ဆက်လက်မြင့်တက်နေစဉ် အမေရိကန်နှင့် ဂျပန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်

သြဂုတ် ၁၆ ။            ။ မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တင်းမာမှုများ ဆက်ရှိနေစဉ် အမေရိကန်နှင့် ဂျပန်တို့ သြဂုတ် ၁၆ ရက်က ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုကို လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

နှစ်နိုင်ငံ စစ်တပ်များမှ တပ်ဖွဲ့ဝင် အယောက် ၃၀၀ ခန့်ပါ၀င်သော ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိုင်ငံမြောက်ပိုင်းတွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းက အမေရိကန် နှင့် မြောက်ကိုရီးယား တို့အကြား စကားလုံး တိုက်ပွဲများမှတဆင့် ပဖိစိတ်ဒေသ ဂူအမ်ကျွန်းကို တိုက်ခိုက်မည်ဆိုသော ခြိမ်းခြောက်မှုများ ရှိလာသည်အထိ အခြေအနေတင်းမာလာပြီးနောက်ပိုင်း ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ဂျပန်တို့၏ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန် ရေတပ်မှ တပ်ဖွဲ့ဝင်တို့ ယခု စစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်းပါ၀င်လေ့ကျင့်ခဲ့ကြသည်။

သို့သော် ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ မြောက်ကိုရီးယားအရေး ဒေသတွင်းတင်းမာမှုမြင့်တက်နေခြင်းနှင့် မသက်ဆိုင်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန   ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက   ပြောဆိုသွားသည်။

အဆိုပါ တပ်ဖွဲ့နှစ်ခုသည် ပြီးခဲ့သည့် သြဂုတ် ၁၀ ရက်ကတည်းက ဂျပန်တပ်ဖွဲ့ဝင် ၁,၃၀၀ နဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂,၀၀၀ ပါ၀င်သည့် ၂၀၁၇ မြောက်ပိုင်းမြွေပွေးဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုကို စတင်လုပ်ဆောင်နေလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required