မန္တလေးစည်ပင်သာယာနယ်နိမိတ်အတွင်း လေလွင့်ကလေးငယ်များနှင့်တောင်းရမ်းနေသည့် ကလေးငယ်များ ပပျောက်ရေး ဆောင်ရွက်မည်

မန္တလေးစည်ပင်သာယာနယ်နိမိတ်အတွင်း လေလွင့်ကလေးငယ်များနှင့်တောင်းရမ်းနေသည့် ကလေးငယ်များ ပပျောက်ရေး ဆောင်ရွက်မည်

မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း လေလွင့်ကလေးငယ်များနှင့်တောင်းရမ်းနေသည့် ကလေးငယ်များ ပပျောက်စေရန်အတွက် အဖွဲ့အစည်းစုံဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းကို သြဂုတ်လ ပထမပတ်ကစတင်၍ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သြဂုတ်(၁၆)ရက် နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

'' သြဂုတ်(၁၁)ရက် မှ (၁၅)ရက်ထိ ထိန်းသိမ်းခဲ့တာ ကလေးသူငယ် (၄၀)ဦး၊ သက်ကြီးရွယ်အို (၂)ဦး၊ အမျိုးသမီး (၁၉)ဦး၊ မသန်စွမ်း(၁)ဦး စုစုပေါင်း (၆၂)ဦး ထိန်းသိမ်းခဲ့တယ်၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ (၆၂)ဦးမှ (၈)ဦးကို တရားစွဲဆိုထားပါတယ်၊ ကလေး (၄၀)ဦးမှာ (၂၅)ဦး မိဘဆွေမျိုးထံ ပြန်အပ်ထားတာ၊ (၁၅)ဦး ကျန်ပါမယ်၊ မသန်စွမ်း (၁)ဦးကိုလဲ ပြန်အပ်ပြီးပါပြီး၊ ဒီကိစ္စတွေ ပပျောက်ဖို့ အရှိန်မြှင့်တင် ဆောင်ရွက်သွားမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း လေလွင့်ကလေးငယ်များနှင့်တောင်းရမ်းနေသည့် ကလေးငယ်များ ပပျောက်စေရန်အတွက် အဖွဲ့အစည်းစုံဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းကို သြဂုတ်လ ပထမပတ်ကစတင်၍ ဆောင်ရွက်ခဲ့ရာ သြဂုတ်လ(၁၅)ရက်နေ့အထိ လေလွင့်ကလေးငယ်နှင့် တောင်းရမ်းသည့်ကလေးငယ် ကျား/မ (၄၀)ဦးနှင့်နောက်ကွယ်မှ တောင်းရမ်းရန်စေခိုင်းသူအပါအဝင် လူကြီး (၂၀)ဦးတို့ ထိန်းသိမ်းဖမ်းဆီးခဲ့သည်။

" ထိန်းသိမ်းထားတဲ့ ကလေးငယ်တွေကိုတော့ ကျောင်းတက်နေတယ်ဆိုရင် ကျောင်းထောက်ခံစာ နဲ့ပထမ တကြိမ်တော့ လူမှုဝန်ထမ်းဦးစီးဌာနက ပြန်လွှတ်ပေးမယ်။ ဒုတိယအကြိမ်ဆိုရင်တော့ လူငယ်သင်တန်းကျောင်း ပို့ပါမယ်။ ခိုင်းစေတဲ့လူကြီးတွေကိုတော့ ကလေးသူငယ် ဥပဒေနဲ့ အရေးယူသွားပါမယ် "ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊သန့်ရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က ပြောသည်။

လက်ရှိတွင် လေလွင့်ကလေးငယ်များ နှင့် တောင်းရမ်းသည့်ကလေးများပပျောက်ရေး၊နောက်ကွယ်မှ ခိုင်းစေသူများကို ဖမ်းဆီးအရေးယူနိုင်ရေးတို့အတွက် စည်ပင်သာယာရေးကော်မတီ၊ တိုင်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန စသည့်အဖွဲ့အစည်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး မန္တလေးမြို့တွင် လေလွင့်ကလေးငယ်များနှင့်တောင်းရမ်းနေသည့် ကလေးငယ်များပပျောက်စေရန်အတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် လို်သည်။

မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း လေလွင့်ကလေးငယ်များ၊ တောင်းရမ်းနေသည့် ကလေးငယ်များနှင့် စေခိုင်းနေသူများကို တွေ့ရှိပါက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာန၊ ဖုန်း ၀၉-၂၀၁ ၀၄၄၂၊ ၀၉-၅၁၉ ၃၆၃၄ နှင့် ၀၉-၄၂၂၀၀ ၀၃၁၄ သို့ ဆက်သွယ်သတင်းပို့နိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required