မန္တလေးတွင် ထိန်းသိမ်းခဲ့သည့်ကလေးများအား မိသားစုထံပြန်အပ်နှံ၊ ခိုင်းစေသူ အမျိုးသမီးများအား ဖမ်းဆီးအရေးယူ

မန္တလေးတွင် ထိန်းသိမ်းခဲ့သည့်ကလေးများအား မိသားစုထံပြန်အပ်နှံ၊ ခိုင်းစေသူ အမျိုးသမီးများအား ဖမ်းဆီးအရေးယူ

မန္တလေး၊ သြဂုတ် ၁၆ ။             ။ မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနက ထိန်းသိမ်းဖမ်းဆီးခဲ့သည့် တောင်းရမ်းသည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းကလေးငယ်ကို ခံဝန်များဖြင့် မိသားစုထံပြန်လည်အပ်နှံပေးခဲ့ပြီး လေလွှင့်ကလေးငယ်များကို လူငယ်သက်တန်းကျောင်းတွင် ဆက်လက်ထိန်းသိမ်းထားကာ နောက်ကွယ်မှ ခိုင်းစေခဲ့သည့် အမျိးသမီးများကို ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆(ဂ)ဖြင့် အရေးယူဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၆ လ ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကပြောသည်။

ထိုသို့ဖမ်းဆီးထိန်းသိမ်းနေခြင်းကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ သြဂုတ်လ ၁၁ ရက်က စတင်ဖမ်းဆီးခဲ့ရာ သြဂုတ်လ ၁၅ ရက်နေ့အထိ တောင်းရမ်းသည့်ကလေးငယ် နှင့် လေလွင့်ကလေးငယ် ၄၀ ဦး၊ သက်ကြီးရွယ်အို ၂ ဦးနှင့်မသန်စွမ်းကလေး ၁ ဦးတို့ကို ထိန်းသိမ်းဖမ်းဆီးနိုင်ခဲ့သည်ဟု ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဆိုသည်။

ထိုသို့ ထိန်းသိမ်းဖမ်းဆီးခဲ့သည့် ကလေးငယ် ကျား/မ ၂၅ ဦး၊ သက်ကြီးရွယ်အို ၂ ဦးနှင့် မသန်စွမ်း ၁ ဦး တို့ကို ခံဝန်များဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက သြဂုတ်လ ၁၆ ရက်၊နံနက်ပိုင်းတွင် မိသားစုများထံ ပြန်လည်အပ်နှံပေးမှုများပြုလုပ်ခဲ့ပြီး ကျန်ရှိသည့် ကလေးငယ်များကို လူငယ်သင်တန်းကျောင်းတွင် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

ထို့နောက် နောက်ကွယ်က ခိုင်းစေခဲ့သည့် အမျိးသမီး ၆ ဦးကို ကလေးသူငယ်ဥပဒေနှင့် ချမ်းအေးသာစံမြို့နယ်တရားရုံး နှင့် ချမ်းမြသာစည်မြို့နယ်တရားရုံးတို့မှ ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဆိုသည်။

"အပြစ်ပေးအရေးယူတဲ့အခါ ကလေးသူငယ်ဥပဒေရှိပါတယ်။ မိမိရဲ့ကိုယ်ကျိုးအတွက် တောင်းရမ်းစားသောက်တဲ့နေရာမှာ ကလေးသူငယ်တွေကို အသုံးပြုခြင်းလုပ်ခဲ့ရင် ပုဒ်မ ၆၆(ဂ)နဲ့ အရေးယူတဲ့အခါမှာ ကလေးကို အသုံးပြုတဲ့ အမျိုးသမီး ၆ ဦးကိုတော့ ချမ်းအေးသာစံတရားရုံးနဲ့ ချမ်းမြသာစည်တရားရုံးတို့မှာ ကျွန်တော်တို့လူမှုဝန်ထမ်းကနေ တရားလိုလုပ်ပြီး အမှတ်(၈)ရဲစခန်းမှာ တရားစွဲဆိုခြင်းတို့ဆောင်ရွက်ခဲ့တယ်။ အဲဒီမှာ အမျိးသမီး ၆ ဦးကို ၆၆(ဂ)နဲ့ထောင်ဒဏ် ၆ လချမှတ်ခဲ့ပါတယ်။"ဟု ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကဆိုသည်။

ဖမ်းဆီးပြစ်ဒဏ်ချခံထားရသည့် အမျိးသမီး ၆ ဦးကို ပြစ်ဒဏ်က လွတ်မြောက်လာပါက သက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးပြီး ဘဝရပ်တည်နိုင်အောင် လူမှုဝန်ထမ်းဦးစီးဌာနက ကူညီပေးသွားမည်ဖြစ်ပြီး လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းထားသည့် ကလေးငယ်များ ကိုလည်း သက်မွေးပညာများသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

တောင်းရမ်းသည့်ကလေးငယ်များနှင့်လေလွင့်ကလေးများ ပပျောက်ရေးအတွက် အသိပညာပေးမှုများလည်း လူမှုဝန်ထမ်းဦးစီးဌာနက လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly