လီဗာပူးလ်အတွက် ဂိုးသွင်းနိုင်ခြင်းက အိပ်မက်မက်နေသကဲ့သို့ပင် ဖြစ်ကြောင်း အာနိုးပြော

လီဗာပူးလ်အတွက် ဂိုးသွင်းနိုင်ခြင်းက အိပ်မက်မက်နေသကဲ့သို့ပင် ဖြစ်ကြောင်း အာနိုးပြော

သြဂုတ် ၁၆၊ အင်္ဂလန် ။         ။ ငယ်မွေးခြံပေါက်ကလပ် လီဗာပူးလ်အတွက် သူ၏ဥရောပပွဲဦးထွက်တွင် ပထမဆုံးဂိုးသွင်းယူနိုင်ခြင်းက အိပ်မက် မက်နေသကဲ့သို့ပင်ဖြစ်ကြောင်း နောက်ခံလူ အလက်ဇန္ဒားအာနိုးက ပြောဆိုလိုက်သည်။

အသက် ၁၈ နှစ်အရွယ်ရှိနောက်ခံကစားသမားအာနိုးသည် ဟော့ဖင်ဟိန်းအသင်းကို လီဗာပူးလ်အသင်းက အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အဖွင့်ဂိုးကို ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ကန်သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

“တကယ်ကို မယုံကြည်နိုင်အောင်ပါပဲ။ ဂိုးရယူနိုင်တဲ့ နည်းလမ်းပေါင်းများစွာထဲက တကယ်ကို ကောင်းမွန်တဲ့ ဂိုးသွင်းယူနိုင်ခဲ့မှုပါ” ဟု အာနိုးက ဆိုသည်။

လီဗာပူးလ်အသင်း၏အသင်းခေါင်းဆောင်ဟောင်း ဂျရတ်ကလည်း အာနိုးမှာ ထိပ်တန်းကစားသမားဖြစ်လာမည့်သူဟု ချီးကျူးခဲ့သည်။

“ကိုယ့်လေးစားရတဲ့ စံပြကစားသမားက ဒီလိုမှတ်ချက်ပြုခံရတာ တကယ်ကိုကောင်းပါတယ်။ သူ့ရဲ့စကားအတိုင်း ကျွန်တော်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု အာနိုးက ဆိုသည်။

လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ကလည်း “ဒီလို ဖရီးကစ်ကန်သွင်းဖို့ သူ့ကို ကျွန်တော်ပြောခဲ့ပါတယ်။ ဒါမျိုးလုပ်နိုင်တာ သူတစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော့် တစ်သက်လုံး ဖရီးကစ်ကန်ခဲ့တာထက် ပိုကောင်းအောင် အာနိုးက ကန်နိုင်ပါတယ်။ သူက တကယ်ကို မယုံကြည်နိုင်စရာကောင်းတဲ့ လူငယ်ကစားသမားပါ” ဟု ပြောဆိုခဲ့သည်။

လီဗာပူးလ်အသင်းသည် ဟော့ဖင်ဟိန်းကွင်းတွင် ၁-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ တက်ရောက်ခွင့်ရရန် အလွန်နီးစပ်သွားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required