နိုင်ဂျီးရီးယားမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ၂၈ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရ

နိုင်ဂျီးရီးယားမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ၂၈ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရ

သြဂုတ် ၁၆ ။                ။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ရွှေ့ပြောင်းဒုက္ခသည်စခန်းတစ်ခုမှာ ယမန်နေ့ သြဂုတ် ၁၅ ရက်က အမျိုးသမီး အသေခံဖောက်ခွဲရေးသမား သုံးဦး လာရောက်ဖောက်ခွဲ တိုက်ခိုက်သွားခဲ့တာကြောင့် အနည်းဆုံး ၂၈ ဦး သေဆုံးပြီး ၈၂ ဦးထိ ဒဏ်ရာရရှိသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ယခု အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်ဟာ ဘော်နိုပြည်နယ်မြို့တော် မိုင်ဒူဂူရီကနေ ၂၅ ကီလိုမီတာအကွာ မန်ဒါရာရီမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

" ဒီ တိုက်ခိုက်မှုမှာက အမျိုးသမီး အသေခံဗုံးခွဲသူ သုံးဦးက ကျူးလွန်သွားခဲ့တာပါ၊ သူတို့က ဒီ ဒုက္ခသည်စခန်း ၀င်ပေါက်မှာ သူတို့ကိုယ်သူတို့ ဖောက်ခွဲသွားခဲ့တာကြောင့် ၂၈ ဦး သေဆုံးခဲ့ရပါတယ်" လို့ ယင်းမြို့မှာ ဂျီဟက်စစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ ဖွဲ့ထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘာဘာ ကူရာက ပြောပါတယ်။

" ပထမတစ်ယောက်က စပြီး ဖောက်ခွဲလိုက်တော့ အနားမှာရှိတဲ့ လူတွေ ၀ရုန်းသုန်းကား ဖြစ်ကုန်ကြတယ်၊ အဲဒီအချိန်မှာပဲ နောက်နှစ်ယောက် ထပ်ပြီး ဖောက်ခွဲသွားကြတာပါ၊ အသေအပျောက်များ ခဲ့ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။

ယခုအချိန်ထိတော့ ယင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ မည်သည့်အဖွဲ့ကမှ တာဝန်ခံထုတ်ပြန်လာခြင်းမရှိသေးပေမယ့် အဆိုပါ နိုင်ငံအရှေ့မြောက်ပိုင်း ဒေသဟာ နာမည်ကျော် ဘိုဟိုဟာရမ် အကြမ်းဖက်သမားတွေ မကြာခဏဆိုသလို တိုက်ခိုက်မှုတွေ ကျူးလွန်ရာ ဒေသဖြစ်နေခဲ့တယ်လို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly