ရခိုင်တွင် ပြည်သူ့စစ်ဖွဲ့စည်းမည့်ကိစ္စ ပြည်နယ်အစိုးရ ငြင်းဆို

ရခိုင်တွင် ပြည်သူ့စစ်ဖွဲ့စည်းမည့်ကိစ္စ ပြည်နယ်အစိုးရ ငြင်းဆို
Photo-AFP

စစ်တွေ၊ သြဂုတ် ၁၆ ရက်။       ။ ရခိုင်ပြည်နယ်၏ လတ်တလော အခြေအနေများအရ ပြည်သူ့စစ်ဖွဲ့စည်းပေးရေး ကိစ္စမှာ ပြည်နယ်အစိုးရနှင့် မသက်ဆိုင်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်၏ တိုက်ရိုက် အမိန့်ပေးမှုအောက်တွင်သာ ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။

 “ လုံခြုံရေးအခြေအနေတွေကို ပြည်နယ်အစိုးရက စီမံခန့်ခွဲတာမှ မဟုတ်တာ။ ကာကွယ်ရေးဦးစီးချူပ်က တိုက်ရိုက်ကိုင်တွယ်ထားတဲ့ကိစ္စပဲကို။ ကျွန်တော်တို့က ဘာကိုပြောရမှာလဲ။ ပြည်နယ် အစိုးရအနေနဲ့ကတော့ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ကိစ္စတွေကို စီမံလို့မှမရတာ။” ဟု စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။

အကြမ်းဖက်မှုများ ကြုံတွေ့နေရသော ရခိုင်နယ်စပ် မောင်တောဒေသတွင် ရခိုင်တိုင်းရင်းသားများအနေနှင့် မိမိတို့လုံခြုံရေးအား မိမိတို့ကိုယ်တိုင်ပါဝင် ကာကွယ်နိုင်ရေး ပြည်သူ့စစ်ဖွဲ့စည်းရန် စီစဉ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်၏ ပြောကြားချက်နှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ မူဝါဒနှင့် ပေါ်လစီဟုတ်မဟုတ် ဆက်သွယ်မေးမြန်းရာတွင် ဦးမင်းအောင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 ယင်းအပြင် အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍လည်း “ NLD စစ်တွေ ဥက္ကဋ္ဌ ဆိုပေမယ့်လည်း သူက ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်တယ်။ ဆိုတော့ ဒါကလည်း ရခိုင်တစ်ဦးအနေနဲ့ ဖြစ်စေချင်တဲ့ သဘောမျိုးကို ပြောသွားတယ်လို့ပဲ ယူဆပါတယ်။” ဦးမင်းအောင်က မှတ်ချက်ပြုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ နယ်စပ်ဒေသများအတွင်း အပြစ်မဲ့ပြည်သူများ  မကြာခဏ သတ်ဖြတ်ခံနေရသောကြောင့် လုံခြုံရေးတိုးမြှင့်ရန်နှင့် ပြည်သူ့စစ်ဖွဲ့စည်းပေးဖို့ လိုအပ်ကြောင်း နိုင်ငံရေးပါတီများနှင့် ရခိုင်လူထုက တောင်းဆိုလျက်ရှိသော်လည်း နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့ခြင်း မရှိခဲ့ပါ။

 မကြာသေးခင်ကလည်း ရခိုင်ပြည်နယ်၏ မြို့နယ် (၁၅) ခုတွင် သြဂုတ်လ ၁၃ ရက်နေ့က တပြိုင်နက် လူထုဆန္ဒဖော်ထုတ်မှုတရပ်ကို ပြုလုပ်ခဲ့ပြီး ပြည်သူ့စစ်ဖွဲ့စည်းပေးဖို့ အစိုးရအား တောင်းဆိုခဲ့ကြသေးသည်။

ယင်းသို့ တောင်းဆိုမှုများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်က သြဂုတ်လ ၁၆ ရက်နေ့တွင် ထပ်မံပြောကြားခဲ့သည်။

 “ လုံခြုံရေးအစီစဉ်တွေ တိုးမြှင့်လာတယ်။ ပြီးတော့ အခု လုပ်နေတာတွေ ရှိတာပဲ။ လမ်းတွေဖောက်နေတယ်။ ဆိုတော့ ထပ်ပြီးတော့လည်း ကျေးရွာအလိုက် လုံခြုံရေးကာကွယ်ပေးဖို့ အစီစဉ်တွေရှိလာနိုင်တယ်လို့ ထင်ပြီး ပြောတာပါ။ ရှိမရှိဆိုတာကတော့ ကျွန်တော််က အစိုးရအဖွဲ့ဝင်လည်းမဟုတ်တော့ တိတိကျကျ ဘယ်သိနိုင်မလဲ။ ခု ဆန္ဒဖော်ထုတ်ပွဲတွေမှာ တောင်းဆိုကြတယ်။ ဒါပြည်သူ့အသံပဲ။ တစ်ဖက်မှာ အစိုးရလုပ်တာကိုလည်း ကျေးဇူးတင်ပါတယ်။ ဆိုတော့ ကျွန်တော်က တကယ်လို့ ပါတီအနေနဲ့ ဒီလိုလုပ်မယ်ဆိုရင် ဝမ်းသာတယ်လို့ ပြောတာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်က ပြောသည်။

 ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများအား လက်နက်တပ်ဆင် ပြည်သူ့စစ်ဖွဲ့စည်းပေးမည်ဆိုပါက နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ စွပ်စွဲမှုများ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိသလို အခြားတစ်ဖက်တွင် ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော AA ၏ တပ်အင်အားကို ဖြည့်ပေးသလို ပိုမိုများပြားလာစေနိုင်သဖြင့် တပ်မတော်မှ မည်သို့မှ ခွင့်ပြုနိုင်ဖွယ် မရှိကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။

 ယခုလို ရခိုင်တိုင်းရင်းသားများအား ပြည်သူ့စစ်ဖွဲ့စည်းပေးမည့် သတင်းထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ သေချာရှင်းလင်းစွာ ဖြေကြားနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ရှင်းလင်းစွာ ပြောကြားနိုင်ခဲ့ခြင်းမရှိသေးသလို ပြည်သူ့စစ်ဖွဲ့မည် မဖွဲ့မည်ဆိုခြင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်ညွှန်ကြားမှုအောက်တွင် ရှိကြောင်းဟုသော အဖြေကိုသာ ပြည်နယ်အစိုးရအဖွဲ့က ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ် ဖွဲ့မယ်လို့ ထွက်ပေါ်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဦးဇော်ဌေး က “ ဒါနဲ့ပတ်သက်လို့ အစိုးရ တာဝန် စယူချိန်ကတည်းက ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ် ဖွဲ့စည်းရန် မရှိကြောင်း ပြောထားပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်လာခြင်း အပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ညှိနှိုင်းပြီး တပ်မတော် တပ်ရင်းတပ်ဖွဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မေယုတောင် စိုးမိုးရေး စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အကြမ်းဖက် နှိမ်နင်းရေးနှင့် ဒေသခံ ပြည်သူလူထု လုံခြံုရေး အထူးအလေးထား ဆောင်ရွက်နေပါတယ်။ပြည်သူ့စစ် ဖွဲ့စည်းရေး ပြောဆိုနေခြင်းများနှင့် ပတ်သက်ပြီး အစိုးရ၏ မူဝါဒ မဟုတ်ကြောင်း ပြောလိုပါတယ်” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly