ဂျိမ်းစ်ဘွန်းအဖြစ် ထပ်မံသရုပ်ဆောင်ဦးမည်ဖြစ်ကြောင်း ဒန်နီရယ်ခရိတ်ခ် ကိုယ်တိုင်အတည်ပြု

ဂျိမ်းစ်ဘွန်းအဖြစ် ထပ်မံသရုပ်ဆောင်ဦးမည်ဖြစ်ကြောင်း ဒန်နီရယ်ခရိတ်ခ် ကိုယ်တိုင်အတည်ပြု

 

အင်္ဂလိပ်မင်းသား ဒန်နီရယ်ခရိတ်ခ်က သူသည်ဂျိမ်းစ်ဘွန်းအဖြစ် ထပ်မံသရုပ်ဆောင်ဦးမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အမေရိကန် စကားစမြည်ပြောဆိုဆွေးနွေးခြင်း ရုပ်သံအစီအစဉ်ဖြစ်သော The Late Show ၌ ပါ၀င်ဆွေးနွေး ခဲ့စဉ်တွင် ဒန်နီရယ်ခရိတ်ခ်အား လျှို့ဝှက်အေးဂျင့်အဖြစ် ထပ်မံသရုပ်ဆောင်ဦးမည်လားဟု ပရိသတ်များနှင့် အစီအစဉ်မှူးတို့က မေးမြန်းခဲ့ကြသည်။

ဒန်နီရယ်က “ရက်စ်၊ ကျနော်သရုပ်ဆောင်ဦးမှာပါ” ဟု အစီအစဉ်မှူးဖြစ်သူ စတက်ဖင်ကိုးလ်ဘာ့တ်အား ပြောဆိုရင်း ထိုမေးခွန်းကို ဖြေကြားခဲ့သည်။

ပြီးခဲ့သော ဂျိမ်းစ်ဘွန်းဇာတ်ကား ၄ ခုတွင် ပါ၀င်သရုပ်ဆောင်ခဲ့သော ဒန်နီရယ်သည် များမကြာမီက ထိုမေးခွန်း ကို ဖြေကြားရန် အကြိမ်ကြိမ်ငြင်းဆန်ခဲ့သူဖြစ်သည်။ သို့သော်လည်း ထိုရုပ်သံအစီအစဉ်တွင် ယခုလိုဖြေကြားခဲ့ သောကြောင့် သူ့အနေဖြင့် ဆုံးဖြတ်ချက်တစ်ခုခုကို သေချာချခဲ့ပြီးပုံရသည်။

“ကျနော်တို့ ဒီကိစ္စနဲ့ပက်သက်ပြီး ဆွေးနွေးနေခဲ့ကြတာပါ။ အဖြေရှာဖို့လည်း ကြိုးစားနေခဲ့ကြတာပါ။ ကျနော် ကတော့ ဒီဇာတ်ရုပ်အတွက် အမြဲသရုပ်ဆောင်ချင်ပါတယ်။ ဒါပေမယ့် ကျနော်အနားယူဖို့လည်း လိုအပ်ပါတယ်” ဟု ဒန်နီရယ်က ဆက်ပြောခဲ့သည်။

ဒန်နီရယ်ခရိတ်ခ်သည် ဂျိမ်းစ်ဘွန်းဇာတ်ကောင်အတွက် မင်းသားပီရာ့စ်ဘရော့စ်နန်၏ အရိုက်အရာကိုဆက်ခံ ခဲ့သူဖြစ်ပြီး လွန်ခဲ့သော ၂၀၀၆ ခုနှစ်က Casino Royale ဇာတ်ကား၌ ပွဲဦးထွက်ပါ၀င် သရုပ်ဆောင်ခဲ့သည်။ ထို့နောက်တွင် သူသည် ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့သော Qyantum of Solace ၊ ၂၀၁၂ ၌ ထွက်ရှိခဲ့သော Skyfall နှင့် ၂၀၁၅ ၌ ထွက်ရှိခဲ့သော Spectre တို့တွင် ဆက်တိုက်ဆိုသလို သရုပ်ဆောင်ခဲ့သူဖြစ်သည်။

ဂျိမ်းစ်ဘွန်းဇာတ်ကားများ၏ ၂၅ ခုမြောက်ဇာတ်ကားကို လာမည့် ၂၀၁၉ ခုနှစ် နို၀င်ဘာလတွင် ထွက်ရှိရန် စီစဉ် ထားကြသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required