ဖာကီနာဖာဆို အကြမ်းဖက် တိုက်ခိုက်မှုပြီးနောက်တွင် စည်းလုံးညီညွတ်ကြဖို့ မာလီခေါင်းဆောင်ပြောကြား

ဖာကီနာဖာဆို အကြမ်းဖက် တိုက်ခိုက်မှုပြီးနောက်တွင် စည်းလုံးညီညွတ်ကြဖို့ မာလီခေါင်းဆောင်ပြောကြား

ကွာဂါဒူဂူ၊ ဖာကီနာဖာဆို၊ သြဂုတ် ၁၆ ။                    ။ မာလီသမ္မတအီဘရာဟမ်ဘူဘာကာကီတာသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ဘာကီနာဖာဆိုသို့ အင်္ဂါနေ့က သွားရောက်ခဲ့ပြီး အကြမ်းဖက်မှုဒဏ်ကို ကြံုတွေ့ခဲ့ရသည့် ဆာဟယ်နိုင်ငံများဖြစ်ကြသော မာလီနှင့် ဖာကီနာဖာဆိုတို့သည် ဂျီဟတ်ဝါဒီများကို ညီညီညွတ်ညွတ် ဆန့်ကျင်ကြကြောင်း ကြေညာခဲ့သည်။

မာလီသမ္မတကီတာသည် အနောက်နိုင်ငံများ၏ ထောက်ပံ့မှုရရှိထားပြီး အကြမ်းဖက်ဝါဒကို ဆန့်ကျင်တိုက်ခိုက် ရန် ဆာဟာရနိုင်ငံငါးခုဖြင့် ဖွဲ့စည်းထားသော ဂျီဖိုက်ဆာဟယ်ညွန့်ပေါင်းအဖွဲ့၏ လက်ရှိဥက္ကဌဖြစ်သည်။

“ဂျီဖိုက်ဆာဟယ်အဖွဲ့ဟာ အကြမ်းဖက်ဝါဒကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရင်ဆိုင်သွားမှာပါ” ဟု ကီတာ က ကွာဂါဒူဂူမြို့ရှိ သမ္မတနန်းတော်၌ ဖာကီနာဖာဆိုသမ္မတ   ရော့ချ်မာ့ခ်ခရစ္စရှန်ကာဘိုရီနှင့် အတူ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကျနော်တို့ အရှုံးပေးသွားမှာမဟုတ်ပါဘူး။ သူတို့က ကျနော်တို့ထိတ်လန့်သွားအောင် မလုပ်နိုင်ပါဘူး” ဟု ကီတာက ပြောခဲ့ပြီး “ ကျနော်တို့ကို အိမ်ထဲမှာပဲ အမြီးကုပ်ပြီးထိုင်နေရအောင် သူတို့မစွမ်းဆောင်နိုင်ပါဘူး” ဟု ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သောတနင်္ဂနွေနေ့က ကွာဂါဒူဂူမြိ့ရှိ တူရကီစားသောက်ဆိုင်တစ်ဆိုင်၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ သောကြောင့် နိုင်ငံခြားသား ၈ ဦးအပါအဝင် လူပေါင်း ၁၈ဦးခန့် သေဆုံးခဲ့ရသည်။ ထိုသို့ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုနှင့် ပက်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ၄င်းတို့၏လက်ချက်ဟု ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

ဒါ့အပြင် တနင်္လာနေ့ကလည်း မာလီရှိ ကုလသမဂ္ဂအခြေစိုက်စခန်းနှစ်ခုသို့ သေနတ်သမားများက ၀င်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်သူ ၂ဦးနှင့် မာလီနိုင်ငံသား ရ ဦးတို့ သေဆုံးခဲ့ရသည်။

ဂျီဖိုက်ဆာဟယ်ညွန့်ပေါင်းအဖွဲ့တွင် ဖာကီနာဖာဆို၊ ချက်၊ မာလီ၊ မော်ရစ်တေးနီးယားနှင့် နိုင်ဂျာတို့ပါ၀င်ပြီး ထိုအဖွဲ့ဝင်နိုင်ငံများသည် အကြမ်းဖက်တိုက်ခိုက်မှုများကို မကြာခဏဆိုသလို ကြံုတွေ့ရသော်လည်း စစ်အင်အားနည်းပါးမှုကြောင့် ထိထိရောက်ရောက် မတုံ့ပြန်နိုင်ပဲဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required